မနေ့ညက ကစားသွားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက အိမ်ရှင်အိုဆာဆူနာအသင်းကို ပွဲကစားချိန် တစ်နာရီနီးပါးလောက် ကစားသမားတစ်ယောက်လျော့နဲ့ ခက်ခက်ခဲခဲ ကစားသွားခဲ့ရပြီး amazing comeback နဲ့ အနိုင်ရယူနိုင်ခဲ့လို့ အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်ခင်မှာပဲ အမှတ်ပေးဇယားထိပ်ကနေ ဦးဆောင်နိုင်သူအဖြစ် ရပ်တည်နိုင်ခဲ့ရပါတယ်။

Photo Credit : UK News Today

ဘာစီလိုနာဟာ ဒီပွဲမတိုင်ခင်ကတည်းက ရီးယဲလ်အသင်းရဲ့ ခြေချော်မှုကြောင့် (၂)မှတ်အသာနဲ့ ပထမနေရာကို တတ်လှမ်းထားခဲ့တာကြောင့် အိုဆာဆူနာနဲ့ ပွဲကိုပါ ဆက်လက် ရလဒ်ကောင်းဖို့ လိုအပ်နေခဲ့တာ ဖြစ်ပေမယ့် ပွဲအစပိုင်းမှာပဲ အိမ်ရှင်အိုဆာဆူနာက ပွဲကို စတင် ဦးဆောင်ခဲ့သလို ပွဲကစားချိန် နာရီဝက်လောက်မှာပဲ ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီး (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကစားသမားတစ်ဦးလျော့နဲ့ ပွဲကို ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ ဘာစီလိုနာဟာ ဒုတိယပိုင်းအစမှာပဲ ပတ်ဒရီက ချေပဂိုး သွင်းယူပေးခဲ့သလို ပွဲပြီးဖို့ မိနစ်ပိုင်းလောက် အလိုမှာပဲ ရာဖင်ညာက ဘာစီလိုနာအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူခဲ့ရာ ပွဲအပြီးမှာ ဘာစီလိုနာက (၁)ဂိုး (၂)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : The Mirror

“အဝတ်လဲခန်းအတွင်းမှာ ရှိနေတဲ့ မိသားစုဝင်တွေအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ အရာအားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေခဲ့တယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ ထောင့်ကန်ဘောကနေ ဂိုး ခွင့်ပြုလိုက်ရတာတွေ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့တွေ အသင်းလိုက် ခံစစ်ကစားခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကျစ်လစ်မှုကိုလည်း ပြသနိုင်ခဲ့တယ်။ အဆုံးသတ်မှာတာ့ ကျွန်တော်တို့တွေ အဖိုးတန်နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သလို ဂုဏ်ယူရတဲ့ နိုင်ပွဲကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ အံ့မခန်းအောင်ပွဲတစ်ခုပါ။ အားလပ်ချိန်ရတော့ ကျွန်တော် အသင်းသားတွေကို ယုံကြည်မှု ကိုယ်ရည်ကိုယ်သွေးနဲ့ ညဏ်ရည်ညဏ်သွေးတွေ ရှိလာဖို့ မှာကြားခဲ့ရတယ်။ ကျွန်တော်တို့ ပွဲချိန် တစ်နာရီနီးပါးလောက်ကို ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်။ ခံစစ်ကိုလည်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အခိုက်အတန့်တွေ ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲဆိုတာလည်း သိထားခဲ့တယ်။ ပြိုင်ဘက်ရဲ့နယ်ပယ်ထဲမှာ ကောင်းမွန်ခဲ့တာ ခံစစ်ပိုင်းမှာ ကူညီနိုင်တာ ယုံကြည်မှုတွေနဲ့ နိုင်ပွဲရှာခဲ့တာ သတ္တိအပြည့်နဲ့ မိသားစုဆန်ဆန် ကစားခဲ့တာ ဒါတွေအားလုံးက အသင်းအတွက် အလွန်အရေးကြီးပါတယ်” လို့ နည်းပြဇာဗီက ပြောဆိုလိုက်ပါတယ်။