MySport Myanmar

(၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်တာဟာ အောင်မြင်မှု တစ်ခုပါပဲလို့ ဇာဗီ ဖွင့်ဟ

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်က သူ့အသင်းက ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပထမနေရာနဲ့ (၁၆)သင်းရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာက အောင်မြင်မှုတစ်ခုပဲလို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ဇာဗီဟာ ဘာစီလိုနာအသင်းဆီကို အသင်းနည်းပြအဖြစ် ပြန်လည် ရောက်ရှိချိန်ကနေ စတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်တွေကနေ လှည့်ပြန်ခဲ့ရတာဟာ (၂)နှစ်ဆက်တိုက်တောင် ရှိခဲ့ရပါတယ်။ အခုရာသီမှသာ အုပ်စုဗိုလ်အဖြစ်နဲ့ (၁၆)သင်းအဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Barca Universal

ဒီရာသီ ချန်ပီယံလိဂ်မှာ ဘာစီလိုနာအသင်းက ပေါ်တို ရှက်တာဒိုးနက် အန့်ဝပ်အသင်းတို့နဲ့ အုပ်စု(H)မှာ တစ်အုပ်စုတည်း ကျရောက်ခဲ့တာဖြစ်ပြီး ပထမဆုံး အုပ်စု(၃)ပွဲ ဆက်တိုက်အထိ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲစဉ်(၄)မှာ ရှက်တာဒိုးနက်ကို အရေးနိမ့်ပြီး အုပ်စုနောက်ဆုံးပွဲမှာလည်း အန့်ဝပ်ကိုပါ ရှုံးနိမ့်ခဲ့ပါသေးတယ်။

အုပ်စုပွဲစဉ်တွေအပြီးမှာ ဘာစီလိုနာဟာ ပေါ်တိုအသင်းနဲ့ ရမှတ် (၁၂)မှတ်ချင်း တူညီသွားခဲ့ရပေမယ့်လည်း ပေါ်တိုကို နှစ်ကျော့လုံး အနိုင်ယူထားခဲ့တာမို့ Head-to-Head ရလဒ်အရ ဘာစီလိုနာအသင်းက အုပ်စုပထမနေရာကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Barca Universal

အခုလို အုပ်စုတက်သွားခဲ့တာနဲ့ ပတ်သက်ပြီး ဇာဗီက “ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်ဆီကိုမှ အုပ်စုပထမနေရာနဲ့ တက်လှမ်းနိုင်ခဲ့လို့ ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ခဲ့ရပါပြီ။ ကျွန်တော်တို့အသင်းက တိုးတက်အောင် လုပ်ဖို့တော့ လိုအပ်နေပါသေးတယ်။”

“ရှုံးပွဲကြောင့် စိတ်ခံစားချက်တွေ ကောင်းမွန်နေခြင်း မရှိပေမယ့်လည်း ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း အုပ်စုကနေ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်တဲ့အပြင် အုပ်စုပထမနေရာပါ ရယူနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ ကောင်းမွန်တဲ့ ညတစ်ည ဖြစ်မနေဘူး ဆိုပေမယ့်လည်း ကျွန်တော်တို့တွေ ပျော်ရွှင်နေသင့်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version