မနေ့ညက ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာအသင်းက အယ်လ်ကလက်စီကိုဒါဘီ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရာ အကယ်ဒမီထွက် ကစားသမားလေးတွေဖြစ်တဲ့ ဂါဗီ ပတ်ဒရီတို့နဲ့ ပိုလန်ဂိုးမုဆိုးကြီး လီဝန်ဒေါစကီးတို့ရဲ့ ဂိုးတွေနဲ့ ရီးယဲလ်ကို အနိုင်ရပြီး စပိန်စူပါဖလား ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Barca Blaugranes

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အသင်းရဲ့ အရေးအကြီးဆုံး ကစားသမား လီယွန်နယ်မက်ဆီကိုပါ အသင်းကနေ လက်လွတ်ထားခဲ့ရတဲ့ အခြေအနေတွေကြောင့် အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်အောင် မနည်းကို ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အခုလို ဆုဖလားတစ်ခုကို စတင် ပိုင်ဆိုင်နိုင်လိုက်တာဟာ အသင်းအတွက် အားအင် ဖြစ်စေခဲ့ရပြီး ဒီရာသီရဲ့ လက်ကျန် ပြိုင်ပွဲတွေမှာပါ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းသွားဖို့အထိ ဖြစ်လာခဲ့ရတယ်လို့ နည်းပြဇာဗီက ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

“အသင်းရဲ့ ငွေကြေး အခက်အခဲတွေ မက်ဆီ ထွက်ခွာသွားမှုတွေနဲ့ ခက်ခဲတွေ နှစ်တွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပါတယ်။ အပြုသဘောဆောင်တဲ့ ရွေ့လျားမှုကို ပြန်ယူလာဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ အခု ဆုဖလားကနေ ကျွန်တော်တို့အတွက် ငြိမ်သက် တည်ငြိမ်မှုတချို့ကို ပေးနိုင်ပါလိမ့်မယ်။ ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့လည်း ကျွန်တော်တို့တွေ အစကတည်းက အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့တယ်။ ပြီးတော့ ဆက်ပြီးတော့ကို ကြိုးစား လုပ်ဆောင်နေရပါမယ်” လို့ ဘာစီလိုနာနည်းပြ ဇာဗီက ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလကမှ ဘာစီလိုနာ နည်းပြ ဖြစ်လာခဲ့တဲ့ ဇာဗီဟာ ဘာစီလိုနာအသင်းမှာ ကစားသမားတစ်ဦးအဖြစ်နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးပြီး ဆုဖလား အောင်မြင်မှုတွေ တစ်ဦးချင်း ဆုတံဆိပ်တွေ များစွာ ပိုင်ဆိုင်ခဲ့ရပေမဲ့လည်း အခု စပိန်စူပါဖလားကတော့ ဘာစီလိုနာနည်းပြဘဝနဲ့ ဇာဗီ ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဆုဖလားလည်း ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း ဇာဗီဟာ ဘာစီလိုနာအသင်းကို လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ထားခဲ့ပြီး ချန်ပီယံလိဂ်မှာ အုပ်စုကနေ ပြုတ်ထားခဲ့ပေမဲ့ ယူရိုပါလိဂ်မှာ ကစားရမှာဖြစ်လို့ ယူရိုပါလိဂ်ဖလားကိုပါ မျှော်မှန်းလို့ ရနိုင်မဲ့ အခြေအနေမျိုးမှာလည်း ရှိနေရပါတယ်။