စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ သူတို့ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ လာလီဂါ ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိသေးကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆီဗီးလားကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီးနောက် ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

နည်းပြဟောင်း ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာဟာ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဇာဗီရဲ့ ဦးဆောင်မှုတွေနဲ့အတူ ရလဒ်ကောင်းတွေ ပြန်လည် ရရှိလာခဲ့ပြီး ဆီဗီးလားကို အနိုင်ယူအပြီးမှာ လာလီဂါရဲ့ အဆင့်၂နေရာဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: AS English

လာလီဂါ ပွဲစဉ် (၃၀) အဖြစ် ဘာစီလိုနာက ဆီဗီးလားကို အိမ်ကွင်းနူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ပီဒရီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အဖိုးတန် နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့ပြီး အဆိုပါ နိုင်ပွဲကြောင့်ပဲ ဘာစီလိုနာဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ၁ပွဲလျော့ ၁၂မှတ် အကွာ ဆိုတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါပွဲ (၁၀)ပွဲ အထိ ကစားရဖို့ ကျန်နေသေးတာကြောင့် လက်ကျန်ပွဲစဉ်တွေ အားလုံးကိုသာ အနိုင်ရခဲ့ရင် ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မယ့် အလားအလာတွေ ပိုင်ဆိုင်ထားပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း သူတို့ဟာ လာလီဂါချန်ပီယံဆုကို အရယူနိုင်ဖို့ ကြိုးစား အားထုတ်သွားမယ်လို့ ဆီဗီးလားကို အနိုင်ယူအပြီးမှာ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

Photo Credit: AS English

လာလီဂါချန်ပီယံဆုနဲ့ ပတ်သတ်ပြီး ဇာဗီက – “ကျွန်တော်ကတော့ လာလီဂါချန်ပီယံဆုနဲ့ ပတ်သတ်ပြီး အကောင်းမြင်စိတ် ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာတွေနဲ့ ပတ်သတ်ပြီးလည်း စိတ်ကျေနပ်မှု အပြည့် ရှိပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ခြေစွမ်းပိုင်းက အရမ်းကို ကောင်းနေပါတယ်။ ကျွန်တော်တို့က တယောက်နဲ့ တယောက် ကူညီတယ်။ စည်းလုံးတယ်။ အတူတူ အလုပ်လုပ်တယ်။ ပြေးလွှားတယ်။ ဒီအချက်တွေကြောင့်ပဲ ကျွန်တော်တို့က ရလဒ်ကောင်းတွေ ရလာတာပါ။ ဒီအချိန်က ကျွန်တော်တို့ အတွက် ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံး အခိုက်အတန့်လို့ ပြောရပါမယ်။ ပြီးတော့ ကျွန်တော်တို့က လာလီဂါချန်ပီယံဆုကို မရနိုင်တော့တဲ့ အနေအထားကို မရောက်မချင်း လာလီဂါချန်ပီယံ ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။