MySport Myanmar

ဇာဗီက သူ့အရည်အချင်းတွေကို မယုံကြည်ဘူးလို့ ဘရိတ်ဝိတ် ဖွင့်ဟပြောဆို

ဘာစီလိုနာကနေ မြို့ခံကလပ် အက်စပန်ညိုအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ရတဲ့ ဒိန်းမတ် တိုက်စစ်ကစားသမား မာတင်ဘရိတ်ဝိတ်က သူရဲ့အသင်းဟောင်းက နည်းပြဖြစ်သူ ဇာဗီဟာနန်ဒက်ဇ်က သူ့အရည်အချင်းအပေါ် ယုံကြည်ချက် မရှိခဲ့သလို အသင်းဘက်ကလည်း ကစားသမားတွေရဲ့ စိတ်ကျန်းမာရေးပိုင်းကို စဉ်းစားတွေးတောပေးသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Barca Blaguranes

ဘာစီလိုနာအသင်းဟာ နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပြီးနောက် အသင်းက ကစားသမားတွေကို ရှင်းထုတ်ဖို့လည်း လိုအပ်တာကြောင့် ကစားသမားတချို့ကို အငှားချခဲ့နိုင်ပေမယ့် တချို့ကစားသမားတွေကိုတော့ စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ရပါတယ်။ အသင်းကနေ free transfer နဲ့ ရှင်းထုတ်ခဲ့တဲ့ ကစားသမားတွေထဲမှာ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘရိတ်ဝိတ်လည်း ပါဝင်နေပြီး ကနဦးပိုင်းမှာတော့ အသင်းဘက်က စာချုပ်ဖျက်သိမ်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က လက်မခံခဲ့တာကြောင့် စာချုပ်ဖျက်သိမ်းဖို့က ကြန့်ကြာခဲ့ရပါတယ်။

Photo Credit : Tribuna

ဒါပေမယ့် စက်တင်ဘာ (၁)ရက်နေ့မှာတော့ ဘရိတ်ဝိတ်က ဘာင်္စီလိုနာနဲ့ စာချုပ်ဖျက်သိမ်းပြီး အက်စပန်ညိုအသင်းဆီကို free transfer နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရတဲ့အပေါ် ဘရိတ်ဝိတ်က “အနိုင်ကျင့်တယ်လို့ ခံယူထားသလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တခြားသူတွေရဲ့ စိတ်ကျန်းမာရေးကို အမြဲတွေးနေဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒါပါပဲ။ ဒီကမ္ဘာကြီးမှာ ဘယ်လိုအရာတွေ အလုပ်လုပ်တယ်ဆိုတာ ငါသိတယ်။ ကံမကောင်းစွာပဲ ဘောလုံးဟာလည်း စီးပွားရေးတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော့်ကို ဝေဖန်နေကြသူတွေ မှားယွင်းကြောင်းကို သက်သေပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာမရသွားခင်မှာ ကျွန်တော်က ဂိုးအများဆုံး သွင်းယူခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က နည်းပြအပြောင်းအလဲ ရှိလာတော့ သူက တခြားတစ်ခုခု လုပ်ချင်လာခဲ့တယ်။ ဒါက ဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဇာဗီက ကျွန်တော့်အရည်အချင်းကို မယုံကြည်ပါဘူး။ ဒါကြောင့် ကျွန်တော် ထွက်သွားခဲ့ရတယ်။ နည်းပြက ကျွန်တော့်ကို မယုံကြည်သလို ဘာစီလိုနာကနေ ထွက်ခွာရမယ်ဆိုတာ ကျွန်တော် အချိန်အတော်ကြာကတည်းက သိနေခဲ့ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version