MySport Myanmar

၂ဂိုးပြတ်အရှုံးကနေ ပြန်နိုင်ခဲ့ပေမယ့် ကစားပုံကြောင့် မပျော်နိုင်ဘူး ဆိုတဲ့ ဇာဗီ

စပိန်လာလီဂါရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယမန်နေ့ညမှာ လာလီဂါပွဲစဉ်(၆) အဖြစ် ဆဲလ်တာဗီဂိုနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ၂ဂိုးပြတ်အရှုံး ကနေ ၃ဂိုး အထိ ပြန်သွင်းကာ အနိုင်ရခဲ့ပေမယ့် သူတို့အသင်းရဲ့ ကစားပုံကို အားမရခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာက ပွဲစဉ်(၆) အဖြစ် ဆဲလ်တာဗီဂိုကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ ဇာဗီက ကန်ဆယ်လို ၊ ခရစ်တန်ဆန် ၊ ခွန်ဒေ ၊ အလွန်ဆိုတို့ကို ခံစစ်မှာ နေရာပေးခဲ့သလို ဒီဂျောင် ၊ ရိုမီယူနဲ့ ဂန်ဒိုဂန်တို့ရဲ့ ကွင်းလယ်အတွဲကို သုံးခဲ့ကာ လီဝန်ဒေါစကီး ၊ ဖီးလစ်နဲ့ ဖာရန်း တောရက်စ်တို့ကို တိုက်စစ်အား ဦးဆောင်စေခဲ့ပါတယ်။

Photo Credit: Barcelona

ဘာစီလိုနာက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့သလို တဖက်မှာလည်း ဆဲလ်တာဗီဂိုက အက်စ်ပက်နဲ့ လာဆန်တို့ရဲ့ တိုက်စစ်အတွဲနဲ့ ဘာစီလိုနာကို အံတု ကစားဖို့ ကြိုးစားခဲ့ပြီး သူတို့ရဲ့ တိုက်စစ်အတွဲက ဘာစီလိုနာကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

လာဆန်က ပွဲချိန် ၁၉မိနစ်မှာ ဆဲလ်တာဗီဂို အတွက် ပထမ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန် ၇၆မိနစ်မှာ လူစားဝင် တိုက်စစ်ကစားသမား ဒူဗီကတ်စ်က ဆဲလ်တာဗီဂို အတွက် ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

၀-၂ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ ဆဲလ်တာဗီဂိုက နိုင်ပွဲ ရဖို့ သေချာသွားပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် ဘာစီလိုနာ ကစားသမားတွေရဲ့ ကျားကုတ်ကျားခဲ ကြိုးစားမှုကြောင့် ဘာစီလိုနာက ပွဲချိန် မိနစ် ၈၀ကျော်မှာ ချေပဂိုး ၂ဂိုးနဲ့ အနိုင်ဂိုးတို့ကို သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာ အတွက် သွင်းဂိုးတွေကို လီဝန်ဒေါစကီးက ၂ဂိုးနဲ့ ကန်ဆယ်လိုက ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဘာစီလိုနာ ၃-၂ ဆဲလ်တာဗီဂို ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက နိုင်ပွဲအတွက် ပျော်ရွှင်မိပေမယ့် သူတို့အသင်းရဲ့ ကစားပုံဟာ မကောင်းခဲ့ကြောင်း ဆိုလာပါတယ်။ ဇာဗီက – “၂ဂိုးပြတ်အရှုံး ကနေ ပြန်နိုင်ခဲ့တာကို ဂုဏ်ယူလို့ ရမယ် မထင်ပါဘူး။ ကျွန်တော်တို့က နိုင်ပွဲရဖို့ အတွက် အလွန်အကျွံ တိုက်စစ်ဆင် ကစားခဲ့ရပြီး အဲ့ဒီလို ကစားပုံကြောင့် ပြိုင်ဘက်ကို အခွင့်အရေးတွေ အများကြီး ပြန်ပေးခဲ့ရသလို အလွယ်တကူ ရှုံးနိမ့်နိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ အဲ့ဒီအတွက် ကျွန်တော့်မှာ အပြစ်ရှိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version