ဘာစီလိုနာအသင်းက အလာဗက်စ်အသင်းက နောက်က လိုက်ကစားရင်း ရောဘတ် လီဝန်ဒေါစကီးရဲ့ ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့တဲ့ နိုင်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး ဘာစီလိုနာ နည်းပြ ဇာဗီ အလွန်ဆိုက သူတို့အသင်းဟာ တိုးတက်မှုတွေ ရှိဖို့ လိုအပ်နေသေးတယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပွဲစစချင်းမှာပဲ ကစားသမားတွေရဲ့ ပေါ့ဆမှုကြောင့် ဧည့်သည် အလာဗက်စ်ကို ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီး ဒုတိယပိုင်း ပြန်စတင်ချိန်မှသာ ဂိုးပေါက်ပျောက်နေတဲ့ လီဝန်ဒေါစကီး သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် (၂)ဂိုး (၁)ဂိုး Comeback နိုင်ပွဲကို ရရှိလိုက်ရပါတယ်။

Photo Credit : Bola

ဘာစီလိုနာအသင်းက ဒီရာသီ လာလီဂါ ပွဲစဉ်တချို့မှာ ပြိုင်ဘက်အသင်းတွေရဲ့ ဦးဆောင်ဂိုးတွေ ခွင့်ပြုထားပြီးမှ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး အခုလည်း အလာဗက်စ်ကို ပွဲအစ တစ်မိနစ် မပြည့်သေးခင်မှာပဲ ပေးဂိုးတစ်ဂိုးကို အစောကြီး ခွင့်ပြုခဲ့ရပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာ နည်းပြ ဇာဗီက “Position ပိုင်းအရ ကျွန်တော်တို့ ကစားသွားတာ မဆိုးပါဘူး။ ဒါပေမယ့် transitions ပိုင်းတွေနဲ့ ဘောလုံးဆုံရှုံးမှုတွေတော့ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံး အခိုက်အတန့်မျိုး မဟုတ်သေးပေမယ့်လည်း”

Photo Credit : Barca Blaguranes

“ပွဲတစ်ပွဲကို အနိုင်ကစားဖို့အတွက် စိတ်အားထက်သန်မှုတွေ ပြသနိုင်ခဲ့တာကတော့ ကျွန်တော်တို့ရဲ့ တိုးတက်မှုပါ။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်အောင် လုပ်ရမယ်ဆိုတာကတော့ ရှင်းပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် အကောင်းမြင်ပါတယ်။ အခုလည်း ကျွန်တော်တို့ဆီမှာ တိုးတက်မှုတွေလည်း ရှိလာခဲ့ပါပြီ။ ဒီအတွက် စိတ်မပူသင့်ပါဘူး။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဇာဗီက အနိုင်ဂိုးရှင် လီဝန်ဒေါစကီးနဲ့ ပတ်သက်ပြီးတော့လည်း “သူက အလုပ် အရမ်းကြိုးစားတဲ့သူ။ ခေါင်းဆောင်ကောင်းတစ်ဦး။ အခုပွဲမှာလည်း သူက အသင်းရလဒ်ကို အလှည့်အပြောင်း ဖြစ်စေခဲ့တယ်။ အဲ့ဒီအတွက် ကျွန်တော် ပျော်ရွှင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။