စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းထုတ်ဖို့ အသင်းချင်း သဘောတူညီမှု ရထားတဲ့ ကွင်းလယ်လူ ဒီဂျောင်အနေနဲ့ အသင်းမပြောင်းချင်ရင် ဗဟိုခံစစ်မှူး အဖြစ် ပြောင်းလဲ ကစားရနိုင်ကြောင်း အသိပေးသွားခဲ့ပါတယ်။

ဘာစီလိုနာက ရုပ်သံလွှင့်ခတွေကို ရောင်းချရင်း အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီးနောက် ကစားသမားသစ်တွေ ဖြစ်တဲ့ ခရစ်တန်ဆန် ၊ ကတ်ဆီး ၊ ရာဖင်ဟာ ၊ လီဝမ်ဒေါစကီး စတဲ့ ကစားသမားတွေကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်ရန် လိုအပ်နေပါတယ်။

 

Photo Credit: Standard

လက်ရှိမှာတော့ ဘာစီလိုနာက အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရထားပေမယ့် ဒီဂျောင်က ဘာစီလိုနာကနေ ထွက်ခွာဖို့ ငြင်းဆန်နေပြီး ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အတွက် ဒီဂျောင်ကို ဖျောင်းဖျမှုတွေ ပြုလုပ်နေပါတယ်။

ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ သူဟာ ဒီဂျောင်ကို သဘောကျပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို အဆင်ပြေအောင် ဖြေရှင်းနိုင်ဖို့ လိုအပ်ကြောင်းနဲ့ အကယ်၍ ဒီဂျောင်အနေနဲ့ အသင်းမှာ ဆက်နေမယ် ဆိုရင် ဗဟိုခံစစ်မှူး တဦး အဖြစ် ကစားရနိုင်ကြောင်း အသိပေးသွားပါတယ်။

Photo Credit: Standard

ဇာဗီက – “ဒီဂျောင်ရဲ့ အခြေအနေလား။ ကျွန်တော်က သူနဲ့ စကားပြောပြီးသွားပါပြီ။ ကျွန်တော်က သူ့ကို အတော်လေး တန်ဖိုးထားတဲ့သူပါ။ ကျွန်တော့်အတွက် သူက ထိပ်တန်း ကစားသမား တယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖြေရှင်းရမယ့် ဘဏ္ဍာရေး ပြဿနာတွေ ၊ စာရင်းသွင်းရမယ့် ပြဿနာတွေ အများကြီး ရှိနေပါတယ်။ သူက ဗဟိုခံစစ်မှူး တဦး အနေနဲ့ ကစားနိုင်စွမ်း ရှိတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်က သူသာ ဆက်ရှိနေရင် ဗဟိုခံစစ်မှူး တဦး အဖြစ် သုံးစွဲနိုင်ပါတယ်။ ကျွန်တော်က သူ့ကို ဗဟိုခံစစ်မှူး အဖြစ် သုံးရတာကို သဘောကျပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။