စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့သလို အသင်းဘက်ကနေ တောင်းဆိုထားတဲ့ လုပ်ခလစာ လျှော့ယူပေးဖို့ တောင်းဆိုမှုကိုလည်း ပယ်ချခဲ့တဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို အသင်းရဲ့ အရန် ကွင်းလယ်လူ အဖြစ် သတ်မှတ်လိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ ကျပ်တည်းနေတဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းဖို့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ဆီ ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် ဒီဂျောင်ကတော့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Football London

ဒါ့အပြင် ဒီဂျောင်က အသင်းမှာ ဆက်နေချင်ရင် လုပ်ခလစာ လျှော့ယူပေးဖို့ တောင်းဆိုခဲ့တဲ့ ဘာစီလိုနာရဲ့ တောင်းဆိုမှုကိုပါ လျစ်လျူရှုခဲ့ပြီး အကယ်၍ အသင်းဘက်ကသာ သူ့ကို လုပ်ခလစာ လျှော့ယူဖို့ အတင်းအကျပ် တောင်းဆိုနေမယ် ဆိုရင် တရားရုံးမှာပဲ အဆိုပါကိစ္စကို ဖြေရှင်းမယ်လို့ပါ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

အဆိုပါ လုပ်ရပ်တွေကြောင့်ပဲ ဘာစီလိုနာရဲ့ အသင်းတွင်းမှာ ဒီဂျောင်ကို သဘောမကျသူတွေ ရှိလာပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း ယခုနှစ် ဘောလုံးရာသီမှာ ကစားခဲ့တဲ့ လာလီဂါပွဲ ၄ပွဲအနက် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘက်စ်ကွက် တယောက် ပွဲပယ်ခံရတဲ့ ပွဲစဉ်မှာသာ ဒီဂျောင်ကို အသင်းရဲ့ ပွဲထွက် ကစားသမား အဖြစ် အသုံးပြုခဲ့ကာ ကျန်တဲ့ ၃ပွဲစလုံးမှာတော့ ဒီဂျောင်ကို အရန် ကစားသမား အဖြစ်သာ အသုံးပြုခဲ့ပါတယ်။

Photo Credit: Football London

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဆန်တီ ဂျီမီနက်ဇ်ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာနည်းပြ ဇာဗီက ယခုနှစ် ဘောလုံးရာသီမှာ ဂါဗီ ၊ ဘက်စ်ကွက်နဲ့ ပီဒရီတို့ရဲ့ ကွင်းလယ်အတွဲကိုသာ အဓိက ကွင်းလယ်အတွဲ အဖြစ် ရှုမြင်ထားပြီး ဒီဂျောင်ကိုတော့ အရန် ကစားသမား အဖြစ်သာ သုံးစွဲဖို့ လျာထားကြောင်းနဲ့ ဒီဂျောင်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပွဲထွက်ခွင့် များများစားစား ရရှိဖို့ မလွယ်ကူကြောင်း သိရပါတယ်။

ဒီဂျောင်ဟာ ယခုနှစ် လာလီဂါဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ၁၇၁မိနစ်သာ ပါဝင် ကစားခွင့် ရထားပြီး သူ့ရဲ့ တပွဲပျမ်းမျှ ကစားရတဲ့ မိနစ်က ၄၂မိနစ် ဝန်းကျင်သာ ရှိနေကာ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကတော့ ဒီဂျောင်ဟာ ပွဲထွက်ခွင့်တွေ မရတော့ရင် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာလိမ့်မယ်လို့ တွက်ဆထားကြကြောင်းလည်း နီးစပ်သူတွေက ပြောကြားထားပါတယ်။