MySport Myanmar

အာဆင်နယ်က ခြေစမ်းပွဲကို ချန်ပီယံလိဂ်ပွဲလို ကန်ခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ ဇာဗီ

စပိန်လာလီဂါ လက်ရှိချန်ပီယံ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ပြိုင်ဘက် အာဆင်နယ်ကို ၅-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ပြိုင်ဘက် အာဆင်နယ်က ခြေစမ်းပွဲကို ချန်ပီယံလိဂ်ပွဲလို သဘောထားပြီး တွန်းတွန်းတိုက်တိုက် ကစားသွားတယ်လို့ ပြောရင်း အာဆင်နယ်ရဲ့ ကစားပုံကို ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာတို့က ယနေ့မနက် အစောပိုင်းမှာ အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ခြေစမ်းပွဲ ကစားခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲမှာ အာဆင်နယ်က ဘာစီလိုနာကို ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားသွားခဲ့သလို ၅-၃ ဆိုတဲ့ ရလဒ်နဲ့ ခြေပြတ် ဂိုးပြတ် နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

အာဆင်နယ် ၅-၃ ဘာစီလိုနာ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အများအပြားကို ကစားသမားသစ်တွေနဲ့ ပေါင်းစပ်ကာ ပွဲထုတ်လာခဲ့ကြပြီး ပထမပိုင်းမှာတင် အာဆင်နယ်နဲ့ ဘာစီလိုနာတို့က အပြန်အလှန် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကြကာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးက ကစားသမား အပြောင်းအလဲတွေ လုပ်ခဲ့ကြပေမယ့် ပွဲက အရှိန်အဟုန် ကောင်းနေဆဲ ဖြစ်ပြီး အာဆင်နယ်က ဒုတိယပိုင်းမှာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဘာစီလိုနာကတော့ သွင်းဂိုး ၁ဂိုးထဲသာ ပြန်သွင်းနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ အာဆင်နယ်က ၅-၃ ဆိုတဲ့ ရလဒ်နဲ့ ဒုတိယမြောက် ရာသီကြိုနိုင်ပွဲကို ရရှိခဲ့ပါတယ်။

Photo Credit: Barcelona

ပွဲပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက အာဆင်နယ်ရဲ့ တွန်းတွန်းတိုက်တိုက် ကစားပုံကို သဘောမကျကြောင်းနဲ့ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲကို ချန်ပီယံလိဂ်ပွဲလို သဘောထားပြီး ကန်သွားတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဇာဗီက – “ဒီနေ့ပွဲမှာ အာဆင်နယ်ရဲ့ ကစားပုံက ပုံမှန်ကစားပုံမျိုး မဟုတ်ခဲ့ပါဘူး။ သူတို့တွေ ဆော့တာ အရမ်းကို ကြမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း ခြေစမ်းပွဲ တပွဲ ဖြစ်ပေမယ့် ပြစ်ဒဏ်ဘောတွေ အများကြီးကို မြင်ခဲ့ရတာပါ။ လူတိုင်းက နိုင်ပွဲတွေ လိုချင်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အာတီတာကို ဒီပွဲဟာ ချန်ပီယံလိဂ်ပွဲ ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ (ရွဲ့ပြောတာကို ဆိုလိုလျက်) အာဆင်နယ်ရဲ့ ကစားပုံက အရမ်းကြမ်းခဲ့ပါတယ်” လို့ ပြောကြားရင်း အာဆင်နယ်ရဲ့ ကစားပုံကို ဝေဖန်သွားခဲ့တာပါ။

Exit mobile version