ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ဘာစီလိုနာကို စွန့်ခွာတော့မယ်လို့ တရားဝင် ကြေညာထားတဲ့ ဘာစီလိုနာနည်းပြချုပ် ဇာဗီဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တချို့က အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၄၄နှစ် အရွယ် စပိန်လူမျိုး နည်းပြချုပ် ဇာဗီက သူ့ရဲ့ ကစားသမားဘဝ တခုလုံးနီးပါးကို ဘာစီလိုနာမှာသာ ကုန်ဆုံးခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်လာချိန်မှာလည်း ကာတာကလပ် အယ်လ်ဆတ်ကို ၂ရာသီကြာ ကိုင်တွယ်ပြီးနောက် ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပြန်ပါတယ်။

Photo Credit: Standard

ဇာဗီက ၂၀၂၁ခုနှစ်မှ စတင်ကာ ဘာစီလိုနာရဲ့ နည်းပြချုပ်ရာထူးကို လက်ခံ ရယူခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ဘာစီလိုနာနည်းပြဘဝ ပထမဦးဆုံးရာသီမှာ သူက ဘာစီလိုနာ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူပေးနိုင်ခဲ့သလို ဒုတိယမြောက်ရာသီမှာ လာလီဂါချန်ပီယံဆုနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးခဲ့ပါသေးတယ်။

ဇာဗီရဲ့ လက်အောက်မှာ ဘာစီလိုနာရဲ့ ကစားပုံပိုင်းက တည်ငြိမ်မှု ရှိသလို ပြိုင်ပွဲတိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဇာဗီကတော့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အသင်းကို သူ့စိတ်ကြိုက် တည်ဆောက်ခွင့် မရသလို အသင်းပရိသတ်တွေရဲ့ ပြင်းထန်လွန်းတဲ့ ဖိအားတွေကြောင့် မကြာသေးမီကပဲ သူဟာ ရာသီကုန်တာနဲ့ ဘာစီလိုနာကို စွန့်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: Goal

ဇာဗီက ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ကြေညာထားပေမယ့် ဘာစီလိုနာရဲ့ ဥက္ကဌ လာပေါ်တာကတော့ ၂၀၂၄ခုနှစ် အတွင်းမှာ အသင်းရဲ့ ရလဒ်ပိုင်းတွေက အတော်လေး တိုးတက် ကောင်းမွန်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အထိ တက်လှမ်းထားနိုင်တာကြောင့် နည်းပြသစ် ရှာမယ့် အစား ဇာဗီကိုသာ နည်းပြအဖြစ် ဆက်လက် ရှိနေစေချင်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဘက်က ဇာဗီကို သူတို့ရဲ့ နည်းပြအဖြစ် ဆက်လက် ရှိနေစေချင်သလို ဇာဗီကလည်း သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတချို့နဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးနောက် ဘာစီလိုနာမှာ ဆက်နေဖို့ စတင် စဉ်းစားနေပြီး ဇာဗီဟာ ဘာစီလိုနာကို သူ့စိတ်ကြိုက် ထိန်းချုပ် ကိုင်တွယ်ခွင့်သာ ရမယ် ဆိုရင် ဘာစီလိုနာရဲ့ နည်းပြချုပ် အဖြစ် ဆက်လက် တာဝန်ယူဖွယ် ရှိနေကြောင်း သိရပါတယ်။