MySport Myanmar

သူတို့ တစ်သင်းလုံး အင်တာမီလန်ပွဲကို စောင့်ကြည့်သွားကြမယ်လို့ ဇာဗီ ပြောဆို

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က ဒီနေ့ညမှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲတွေထဲကမှ အစောပိုင်းမှာ ကစားရမယ့် အင်တာမီလန်အသင်းနဲ့ ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းတို့ရဲ့ ပွဲစဉ်ကို သူတို့ တစ်သင်းလုံး အတူတကွ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီနေ့ညမှာ ဇာဗီရဲ့ ဘာစီလိုနာအသင်းက နူးကမ့်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ရှိနေသလို ဒီနှစ်သင်းနဲ့ တစ်အုပ်စုတည်း ဖြစ်နေတဲ့ အင်တာမီလန်နဲ့ ပယ်လ်ဇန်အသင်းတို့ဟာလည်း ဘာစီလိုနာနဲ့ ဘိုင်ယန်ပွဲ မတိုင်ခင် ည(၁၁)နာရီ(၁၅)မိနစ်မှာပဲ ကစားရမှာ ဖြစ်ပါတယ်။ ဆန်စီရိုမှာ ကစားရမယ့် ပွဲစဉ်အတွင်း အိမ်ရှင်အင်တာကသာ ပယ်လ်ဇန်ကို အနိုင်ရလိုက်မယ်ဆိုရင် အင်တာက ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တတ်လှမ်းသွားမှာ ဖြစ်သလို ဘာစီလိုနာဟာလည်း ဘိုင်ယန်နဲ့ပွဲ မကစားခင်မှာပဲ ချန်ပီယံလိဂ်ကနေ အလိုအလျောက် ထွက်ခွာရပြီးသား ဖြစ်သွားရပါလိမ့်မယ်။

Photo Credit : Daily Mail

“ကျွန်တော်တို့တွေအားလုံး အဝတ်လဲခန်းအတွင်းမှာပဲ ပွဲအတူတူ ကြည့်သွားကြမှာ။ ဒါပေမယ့် ကျွန်တော်တို့ အဓိက ရည်မှန်းချက်ကတော့ မီလန်မှာ ဘယ်လိုရလဒ်တွေ ဖြစ်နေပါစေ ကျွန်တော်တို့ ကစားရမယ့်ပွဲကို ကောင်းမွန်တဲ့ပွဲအဖြစ် ကစားဖို့နဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေ ရရှိဖို့ပါ။ ကျွန်တော်တို့တွေက ဒီလိုအသင်းမျိုးတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ပြသရပါမယ်” လို့ ဘာစီလိုနာနည်းပြဇာဗီက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီနှစ်ရာသီမှာ လီဝန်ဒေါစကီး ရာဖင်ဟာ ခွန်ဒဲလ်တို့လို ကစားသမားကောင်းတွေ ဖြည့်တင်းထားခဲ့သလို ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာလည်း ပယ်လ်ဇန်ကို (၅)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဘိုင်ယန် အင်တာတို့ကို (၂)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရင်း နူးကမ့်မှာ အင်တာနဲ့ ထပ်မံ ကစားခဲ့ရာမှာလည်း (၃)ဂိုးစီ သရေကျရင်း (၄)ပွဲ ကစားပြီးချိန် နိုင်ပွဲ(၁)ပွဲတည်းနဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တတ်ဖို့ အလားအလာ မကောင်းတော့တာ ဖြစ်ပါတယ်။ အခုလည်း အင်တာက အုပ်စုအတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ ပယ်လ်ဇန်ကို ဆန်စီရိုမှာ ဧည့်ခံရမှာဖြစ်လို့ အင်တာအနေနဲ့ နိုင်ပွဲရဖို့ သေချာသလောက် ရှိနေရပြီး အင်တာသာ နိုင်သွားမယ်ဆိုရင်တော့ ဘာစီလိုနာက ချန်ပီယံလိဂ်ကနေ (၂)နှစ်ဆက်တိုက် အုပ်စုကနေ ထွက်ခွာရမှာပဲ ဖြစ်ပါတယ်။

Exit mobile version