စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လတ်တလောမှာပဲ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံထားရတဲ့ ဇာဗီကတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်းဆီ ပြန်လာခဲ့တာဟာ ပရိသတ်တွေကြောင့် ဖြစ်ကြောင်း ဘာစီလိုနာ နည်းပြဘဝ ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၄၁နှစ် အရွယ် စပိန်ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘဝကို ကာတာကလပ် အယ်ဆတ်အသင်းနဲ့အတူ စတင်ခဲ့တာ ဖြစ်ပြီး အယ်ဆတ်အသင်းကို ၂နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ ဆုဖလားပေါင်း ၇လုံး အထိ ရယူနိုင်ခဲ့သူပါ။

Photo Credit: Marca

အယ်ဆတ်အသင်းဟာ ဇာဗီကို အသင်းရဲ့နည်းပြ အဖြစ် ခန့်အပ်ပြီးနောက် တဟုန်ထိုး တိုးတက်လာပြီး ကာတာလိဂ်ရဲ့ အကောင်းဆုံးအသင်း တသင်း ဖြစ်လာသလို အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အနေအထား အထိ ရောက်ရှိလာတာကြောင့် ဘာစီလိုနာအသင်းဟာ ဇာဗီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဇာဗီကို အယ်ဆတ်အသင်း ကနေ ခေါ်ယူနိုင်ဖို့ အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၅သန်း ပေးချေခဲ့ရပြီး ဇာဗီကိုလည်း ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဇာဗီဟာ ကာတာနိုင်ငံ ကနေ ဘာစီလိုနာမြို့ဆီ ပြန်လာဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ ဘာစီလိုနာ နည်းပြဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ သူဟာ ပရိသတ်တွေ အတွက် ဘာစီလိုနာအသင်းဆီ ပြန်လာခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက – “ ဒီတကြိမ်က နှုတ်ဆက်ရမယ့် အချိန် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ မကြာခင် ပြန်လည် ဆုံတွေ့ရတော့မှာပါ။ နူးကမ့်က အမြဲတမ်း ကျွန်တော့်ရဲ့အိမ်ပါပဲ။ ကျွန်တော့်ရဲ့ ပရိသတ်တွေ ၊ ရဲဘော်ရဲဘက်တွေ အတွက် ကျွန်တော် ပြန်လာခဲ့တာပါ။ ပြီးတော့ ဘာစီလိုနာအသင်းကလည်း ကျွန်တော် အချစ်ရဆုံး အသင်းပါ။ အခုတော့ ကျွန်တော် အိမ်ကို ပြန်လာပါပြီ။ မကြာခင် ပြန်တွေ့ကြတာပေါ့ဗျာ” လို့ ဖွင့်ဟသွားခဲ့တာပါ။