စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ အသင်းရဲ့ နည်းပြလည်း ဖြစ်တဲ့ ဇာဗီကတော့ သူတို့အသင်းဟာ အရင်ကလို အကောင်းဆုံးပုံစံကို ပြန်လည် ရရှိတော့မယ် လို့ အက်သလက်တီကို မက်ဒရစ်ကို အနိုင်ယူပြီးနောက် ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ အသင်းရဲ့ ရွှေရောင်မျိုးဆက်လို့ ပြောရမယ့် ဇာဗီ ၊ အင်နီယေစတာ ၊ ဘက်စ်ကွက်နဲ့ မက်ဆီတို့ အားလုံး အသက် ၃၀တန်းကို ရောက်ရှိချိန်မှာ အောင်မြင်မှုတွေ ရရှိဖို့ စတင် ရုန်းကန်လာရပြီး ဇာဗီနဲ့ အင်နီယေစတာတို့ နှစ်ယောက်စလုံးကို လက်လွှတ်လိုက်ရချိန်မှာတော့ ဆုဖလား မရတဲ့ ဘောလုံးရာသီတွေကိုပါ ကြုံတွေ့လာရပါတယ်။

Photo Credit: Standard

ဒါ့အပြင် ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီ အစမှာလည်း အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားလို့ တင်စားခံထားရတဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ဆုံးရှုံးခဲ့ရတာကြောင့် ဘာစီလိုနာရဲ့ခေတ် ကုန်သွားပြီလို့ ပြိုင်ဘက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကိုပါ ခံခဲ့ရကာ ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ အသင်းကို အချိန်ယူ တည်ဆောက်ဖို့လည်း လိုအပ်နေပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာနဲ့ ဇာဗီတို့ဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ကြုံနေရတဲ့ ကြားထဲက အသင်းကို အောင်မြင်မှုတွေ ရယူနိုင်မယ့် အဆင့်အထိ ရောက်ရှိအောင် ကြိုးစား တည်ဆောက်နေကြပြီး ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ဖာရန်း တောရက်စ် ၊ အူဘာမီယန်း ၊ အဲလ်ဗက် ၊ ထရာအိုရေး စတဲ့ အသင်းအတွက် အသုံးဝင်သလို အရည်အသွေးမြင့်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ကြပါတယ်။

Photo Credit: Standard

မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်မှု ၊ ဇာဗီရဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းတို့ကြောင့် ဘာစီလိုနာရဲ့ ကွင်းတွင်း ခြေစွမ်းက တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်(၂၂)မှာဆိုရင်လည်း နောက်ပိုင်းနှစ်တွေမှာ အနိုင်ယူဖို့ ခက်ခဲနေတဲ့ အက်သလက်တီကို မက်ဒရစ်ကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်ကို ဂိုးပြတ်နိုင်ပြီးနောက် ဘာစီလိုနာနည်းပြ ဇာဗီက သူတို့ဟာ မကြာခင်မှာ အသင်းရဲ့ အကောင်းဆုံးပုံစံကို ပြန်မြင်ရတော့မယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ဇာဗီက – “ အဲလ်ဗက် အထုတ်မခံရခင် အချိန်မှာ ကျွန်တော်တို့ရဲ့ ကစားပုံက ပြီးပြည့်စုံခဲ့ပါတယ်။ တယောက် လျော့သွားပြီးနောက် ကျွန်တော်တို့က ခံစစ်ကို ပိုမို အားပြု ကစားခဲ့ရပေမယ့် ဒီပွဲရဲ့ ပထမ မိနစ်၆၀မှာ ပြသခဲ့တဲ့ ခြေစွမ်းက ဘာစီလိုနာရဲ့ တကယ့် ခြေစွမ်းအမှန်ပါ။ ကျွန်တော်တို့မှာ ကစားသမား ၁၁ယောက် အထိ ရှိနေတုန်းကဆိုရင် ကျွန်တော်တို့ရဲ့ ကစားပုံက အရမ်း ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ၃-၄-၃နဲ့ ကစားတယ်။ ၃-၅-၂နဲ့ ပြောင်းကစားတယ်။ အားလုံးက အဆင်ပြေပြေပဲ။ ကျွန်တော်တို့ရဲ့ ပေါက်ကွဲအားကို အကောင်းဆုံး ပြသနိုင်ခဲ့သလို ကျစ်လျစ်မှုလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ကာကွယ်သင့်တဲ့ နေရာတွေကို ပိတ်ဆို့ ကာကွယ်နိုင်ခဲ့တာကြောင့် ပြိုင်ဘက်ကလည်း အခွင့်အရေးတွေ အများကြီး မရခဲ့ပါဘူး။ မကြာခင်မှာ ကျွန်တော်တို့ရဲ့ ကစားပုံက ဒီထက်ပိုပြီး ကောင်းလာဖို့ပဲ ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။