စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ပထမပိုင်း သွင်းဂိုးတွေကြောင့် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ကိုယ့်ရဲ့ ပုံစံကောင်းကို ပြန်လည် ရှာဖွေနိုင်ခဲ့ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ရလဒ်ကောင်းတွေ တောက်လျှောက် ဆိုသလို ရယူထားနိုင်ခဲ့ပေမယ့် ဗီလာရီးရဲလ်နဲ့ ပွဲမတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့တာကြောင့် ဗီလာရီးရဲလ်နဲ့ပွဲဟာ သူတို့အတွက် မဖြစ်မနေ အနိုင်ယူရမယ့် ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

ဘာစီလိုနာနည်းပြ ဇာဗီကလည်း ဗီလာရီးရဲလ်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ နိုင်ပွဲ လိုချင်တာကြောင့် အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့သလို ဘာစီလိုနာရဲ့ ကစားကွက်ကလည်း အတော်လေးကို ကောင်းမွန်ခဲ့ပြီး ပထမပိုင်း တပိုင်းထဲမှာတင် အနိုင်ဂိုး ၃ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ၃-၀ ဗီလာရီးရဲလ် ပွဲစဉ်မှာ ဘာစီလိုနာ အတွက် အနိုင်ဂိုးတွေကို အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ၂ဂိုးနဲ့ လူငယ်ကြယ်ပွင့် ဖာတီက ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ကြပြီး အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ဇာဗီက ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ သူတို့အသင်း အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်ခဲ့ကာ သူတို့အသင်းဟာ ကိုယ့်ရဲ့ ပုံစံ ၊ ကိုယ့်ရဲ့ ခြေစွမ်းအမှန်ကို ပြန်လည် ပြသနိုင်ခဲ့တယ်လို့ ဆိုလာပါတယ်။

Photo Credit: Standard

ဇာဗီက – “ကျွန်တော်တို့က အရမ်းကောင်းတဲ့ ပွဲတပွဲကို ကစားနိုင်ခဲ့ပါတယ်။ ဒီတကြိမ်ကတော့ ကျွန်တော်တို့ (နိုင်တဲ့) အလှည့်ပါ။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ အနိုင်ရလဒ်ကို လိုအပ်ခဲ့ပါတယ်။ ရှေ့ပွဲတွေမှာ ရလဒ်ဆိုးတွေ ရခဲ့တာကြောင့် ကျွန်တော်တို့တွေ ခပ်မြန်မြန် နိုင်ပွဲ ရဖို့က တကယ် အရေးပါခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့အသင်းနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက်တွေက အတော်လေးကို ကြီးမားနေပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ပုံစံကောင်းကို ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ခြေစွမ်းအမှန်နဲ့ အရှိန်အဝါကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ခြုံပြောရရင် အတော်လေး ကျေနပ်စရာ ကောင်းတဲ့ နိုင်ပွဲပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။