စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ နာပိုလီကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် ဘာစီလိုနာရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်မြင်လာရပြီလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

တချိန်က ဥရောပကို အချိန်အတော်ကြာ လွှမ်းမိုးနိုင်ခဲ့တဲ့ ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ဘဏ္ဍာရေး အကြပ်အတည်းတွေ ၊ အဓိက ကစားသမားတွေကို စွန့်လွှတ်ခဲ့ရတာတွေ စတဲ့ အချက်တွေကြောင့်ပဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲခဲ့ပြီး အသင်းကို ပြန်လည် ထိန်းကျောင်းနိုင်ဖို့ အသင်းရဲ့ ကစားသမားဟောင်း တဦးဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ထားရပါတယ်။

Photo Credit: Standard

ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပထမ ရာသီဝက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ အထိ ရလဒ်တွေ ဆိုးဝါးခဲ့ပေမယ့် ဇာဗီ ရောက်ရှိလာပြီး နောက်ပိုင်းမှာ အသင်းရဲ့ ခြေစွမ်းက တဖြည်းဖြည်းနဲ့ အတက်ဘက်ကို ပြန်လည် ရောက်ရှိလာခဲ့ကာ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ နာမည်ကြီး ကလပ်တွေ ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် ၊ ဗလင်စီယာနဲ့ နာပိုလီတို့ကို ဂိုးပြတ်နိုင်ထားပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာနည်းပြ ဇာဗီက နာပိုလီကို အဝေးကွင်းမှာ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီးနောက် ဘာစီလိုနာရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်လည် မြင်တွေ့နေရပြီ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။ အဆိုပါပွဲစဉ်မှာတော့ ဘာစီလိုနာ အတွက် သွင်းဂိုးတွေကို အယ်လ်ဘာ ၊ ဒီဂျောင် ၊ ပီကေးနဲ့ အူဘာမီယန်း စတဲ့ ကစားသမားတွေက သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ဇာဗီက – “ဒီနေ့ပွဲက ကျွန်တော်တို့ရဲ့ ဒီရာသီမှာ စွမ်းဆောင်ရည် အကောင်းဆုံးပွဲလို့တောင် ပြောချင်ရင် ပြောလို့ ရပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပွဲစပွဲဆုံး လွှမ်းမိုး ကစားနိုင်ဖို့ ကြိုးစားခဲ့သလို တကယ်လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်က အသင်းသားတွေရဲ့ ကြိုးစား ကစားမှု အတွက် ပျော်ရွှင်သလို ကျွန်တော်တို့ရဲ့ ကစားပုံ အတွက်လည်း ကျေနပ်မိပါတယ်။ ဒီရလဒ်က မျှတတဲ့ ရလဒ်တခုပါ။ ကျွန်တော်က အသင်းသားတွေရဲ့ ခြေစွမ်းနဲ့ ကစားပုံတွေ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က လမ်းကြောင်းမှန် တခုပေါ်မှာ ရှိနေပါပြီ။ ကျွန်တော်တို့တွေ ပြန်လာပြီ။ ဒီနေ့ပွဲမှာဆိုရင် ကျွန်တော်တို့က တဖက်အသင်းကို ဖိအားပေး ကစားခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ဘောလုံးဆုံးရှုံးတိုင်းမှာလည်း အမြန်ဆုံး ပြန်လည် ရယူနိုင်အောင် ကြိုးပမ်းခဲ့တယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ လုပ်ခဲ့သလိုပဲပေါ့” လို့ ကြုံးဝါး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။