စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၃-၀ ဆီဗီးလား ပွဲစဉ်အပြီးမှာ သူတို့အသင်းဟာ ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်တဲ့ အရည်အသွေးတွေ ရှိကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။

ပူပူနွေးနွေး စပိန်စူပါဖလား ချန်ပီယံ ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ ဇာဗီရဲ့ ဦးဆောင်မှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ရရှိထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အမှတ်မထင် ထွက်ခွာခဲ့ရပေမယ့် လာလီဂါပြိုင်ပွဲမှာတော့ ပွဲစဉ်(၂၀) အပြီးမှာ ၁၇ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုနဲ့အတူ ရမှတ် ၅၃မှတ် အထိ စုဆောင်းထားနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sport

ဒါ့အပြင် ဘာစီလိုနာက ပွဲစဉ်(၂၀) အပြီးမှာ အဓိက ချန်ပီယံလုဘက် ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၈မှတ် အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီး ဘာစီလိုနာရဲ့ တိုက်စစ်က လာလီဂါရဲ့ အကောင်းဆုံးတိုက်စစ် ဖြစ်နေသလို ခံစစ်ကြောင်းကလည်း ဥရောပ ထိပ်သီးလိဂ် ၅ခုမှာ ပေးဂိုးအနည်းဆုံး ခံစစ်ကြောင်း ဖြစ်နေတာကြောင့် ဘာစီလိုနာကပဲ လာလီဂါပြိုင်ပွဲကို ဗိုလ်စွဲနိုင်ဖို့ အခွင့်အလမ်း များပြားနေပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၃-၀ ဆီဗီးလား ပွဲစဉ်မှာလည်း ဘာစီလိုနာက ကစားရခက်တဲ့ ဆီဗီးလားကို ကစားကွက် အသာစီးနဲ့ သက်တောင့်သက်သာ ကစားပြီး အနိုင်ရခဲ့ကာ အဆိုပါပွဲ ပြီးဆုံးချိန်မှာ ဘာစီလိုနာနည်းပြ ဇာဗီက သူတို့အသင်းဟာ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်စွမ်း ရှိတဲ့ အသင်း တသင်း ဖြစ်ပြီး သူတို့တွေရဲ့ အရည်အသွေးတွေကို ထုတ်ပြနိုင်ဖို့သာ လိုအပ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Euro Sport

ဇာဗီက – “ကျွန်တော်တို့အသင်းက ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က စကားလုံးတွေနဲ့ပဲ ဒါကို ပြောနေလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ သက်သေပြရပါမယ်။ စကားတွေပဲ ပြောနေရင် ဘာမှ ရမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဘာစီလိုနာက လာလီဂါပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်သလို စပိန် ကိုပါဒယ်ရေးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အထိ ရောက်ရှိနေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။