စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ အင်တာမီလန်ကို အိမ်ကွင်းမှာ သရေကျအောင် နောက်ဆုံးမိနစ် အထိ ရုန်းကန်ကစားခဲ့ရပြီးနောက် သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ မထိုက်တန်တဲ့ အသင်းပါလို့ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေတဲ့ ကြားထဲက ငွေကြေးအမြောက်အမြား သုံးစွဲကာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူကာ ယခုနှစ် ဘောလုံးရာသီ အတွက် ပြင်ဆင်မှုတွေ လုပ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲနေပြီး အုပ်စုအဆင့်ကနေ ထွက်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Marca

ဘာစီလိုနာက ယနေ့မနက် အစောပိုင်းမှာ အင်တာမီလန်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရကာ ခြေစွမ်းပိုင်းအရ အသာစီး ရအောင် ကစားနိုင်ခဲ့ပေမယ့် ပွဲကို အနိုင်ရလောက်တဲ့ အထိ စွမ်းဆောင်ရည် မကောင်းခဲ့ပဲ အင်တာမီလန်ရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်တာကြောင့် အုပ်စုအဆင့် ကနေ မထွက်ရရေး အတွက် နောက်ဆုံးအချိန် အထိ ကြိုးစားခဲ့ရပါတယ်။

ဘာစီလိုနာ ၃-၃ အင်တာမီလန်ပွဲမှာ ဘာစီလိုနာက ဒမ်ဘီလီရဲ့ ပထမပိုင်း မပြီးခင် သွင်းယူပေးခဲ့တဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အရောက်မှာ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု လျော့နည်းလာခြင်းကြောင့် ပွဲချိန် ၅၀မိနစ်နဲ့ ၆၃မိနစ်တို့မှာ ဘာရယ်လာနဲ့ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဘာစီလိုနာက အိမ်ကွင်းမှာ မရှုံးနိမ့်ရအောင် တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၈၂မိနစ်မှာတော့ တိုက်စစ်မှူး လီဝမ်ဒေါစကီးက ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာက ချေပဂိုးနဲ့တင် မကျေနပ်နိုင်ပဲ ပွဲကို အနိုင်ရအောင် ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် ၈၉မိနစ်မှာ ဂိုဆန်က အင်တာမီလန် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။ ဒါကြောင့် ဘာစီလိုနာက အိမ်ကွင်းမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် တိုက်စစ်မှူး လီဝမ်ဒေါစကီးကပဲ ၉၀+၂မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုး တဂိုး ထပ်မံ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာက အိမ်ကွင်းမှာ အင်တာမီလန်ကို မရှုံးနိမ့်ခဲ့ပေမယ့် အနိုင်မရခဲ့တာကြောင့် အုပ်စုအဆင့် ကနေ တက်ရောက်နိုင်ဖို့ မလွယ်တော့ပဲ ဘာစီလိုနာနည်းပြ ဇာဗီကလည်း သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ မထိုက်တန်ကြောင်း ပွဲအပြီးမှ ဝန်ခံသွားပါတယ်။

ဇာဗီက – “ခင်ဗျားက အင်တာမီလန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတဲ့ အချိန်မှာတောင် အနိုင်မရရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ မထိုက်တန်တော့ပါဘူး။ အခုချိန်မှာ အုပ်စုအဆင့် ကနေ တက်ရောက်နိုင်မယ့် အခွင့်အရေးဟာ ကျွန်တော်တို့ရဲ့ လက်ထဲမှာ မရှိတော့ပါဘူး။ တခြားအသင်းတွေ အမှားလုပ်မှပဲ မျှော်လင့်ချက် ရှိမယ့် အနေအထားပါ။ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ကစားရဖို့ ထိုက်တန်မှု မရှိပါဘူး။ ဒါက ကျွန်တော်တို့ အတွက် ထိချက်ပြင်းတဲ့ ခံစားချက် တမျိုးပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို လက်ခံရပါမယ်။ ကမ္ဘာကြီးက ကြမ်းတမ်း ရက်စက်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။