ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ဘာစီလိုနာကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၃နဲ့ နောက်တဆင့်ဆီ တက်ရောက်သွားနိုင်ခဲ့ပါတယ်။

လတ်တလောမှာ ခြေစွမ်းတွေ ကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြတဲ့ ပွဲစဉ်က ယူရိုပါလိဂ်ပြိုင်ပွဲ ၃၂သင်းအဆင့်ရဲ့ အကောင်းဆုံးပွဲ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ပထမအကျော့ အဖြစ် ဘာစီလိုနာရဲ့ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစားခဲ့ရာမှာလည်း တဖက် ၂ဂိုးစီနဲ့ သရေကျခဲ့ကာ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေမှုတွေ ပေးခဲ့ပါတယ်။

Photo Credit: Forbes

ပထမအကျော့မှာ သရေကျခဲ့တာကြောင့် ဒုတိယအကျော့ အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး နောက်တဆင့်တက်ရေး အတွက် အရေးပါတဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဘရာဇီးလ်ညီနောင် ဖြစ်တဲ့ ဖရက်ဒ် ၊ အန်တိုနီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘာစီလိုနာကို အနိုင်ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘာစီလိုနာ ပွဲစဉ်မှာ နှစ်သင်းစလုံးက ဘတပြန် ကျားတပြန် တိုက်စစ်ဖွင့်ကာ ကစားသွားခဲ့ပြီး ပထမပိုင်းမှာ ဧည့်သည် ဘာစီလိုနာက ခြေပိုသာခဲ့ကာ ဒုတိယပိုင်းမှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ခြေပိုသာခဲ့ပါတယ်။

Photo Credit: Forbes

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ကို ခြေရည်တူအသင်းတွေ အဖြစ် သတ်မှတ်လို့ ရပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းဟာ ရလဒ်ကောင်း တခုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ပြီးမှ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ကြောင်း ငြီးတွားသွားပါတယ်။

ဇာဗီက – “ဒီလိုမျိုး ခြေရည်တူအသင်းတွေ တွေ့ကြတဲ့ ရှုံးထွက်ပွဲစဉ်မှာ အသေးစိတ်ကျတဲ့ ကိစ္စတချို့က ပွဲရဲ့ အဖြေကို ပြောင်းလဲပေးသွားတာပါပဲ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ ဆိုရင် ဒီထက် ပိုကောင်းတဲ့ ရလဒ်တခုကို ရခဲ့သင့်တယ်လို့ မြင်ပါတယ်။ ၁-၁ ဖြစ်သွားစေတဲ့ သွင်းဂိုးက ကျွန်တော်တို့ကို ထိခိုက်စေခဲ့တာပါ။ ကျွန်တော်တို့က ဘောလုံး ဆုံးရှုံးလိုက်ရတဲ့ အချိန်မှာပဲ သူတို့က ချေပဂိုးကို ပြန်သွင်းသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူတို့ရဲ့ ကစားအားက ပိုတက်လာသလို ကျွန်တော်တို့နဲ့ ဘောလုံးယှဉ်လုတိုင်း သူတို့ကပဲ အသာစီး ရခဲ့တာပါ။ ဒီပွဲက ခြေတူတဲ့ပွဲပါ။ ကျွန်တော်တို့တွေ ဘောလုံးကို သက်တောင့်သက်သာ ကစားနိုင်ခဲ့တဲ့ အချိန်တွေတောင် ရှိခဲ့ပါတယ်။ ဒါကြောင့် ရှုံးပွဲအတွက် အတော်လေးကို စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လက်ကျန်ပြိုင်ပွဲတွေ အတွက် အာရုံစိုက်ဖို့ လိုပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။