စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရပေမယ့် နောက်ထပ် ဥရောပပြိုင်ပွဲ တခု ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ကြိုးစားသွားမယ်လို့ ပါလ်ဇန် ၂-၄ ဘာစီလိုနာ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာက ယခုနှစ် ချန်ပီယံလိဂ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် ၊ အင်တာမီလန် ၊ ပါလ်ဇန်တို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ ပါလ်ဇန် တသင်းထဲကိုသာ အနိုင်ရခဲ့တာကြောင့် အုပ်စုပွဲတွေ အားလုံး ပြီးဆုံးချိန်မှာ ၂ပွဲနိုင် ၁ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ကနေ ပြုတ်ကာ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားခဲ့ရပါတယ်။

Photo Credit: Goal

ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ လာဇီယို ၊ ရိုးမား စတဲ့ အသင်းတွေ ရှိနေသလို ချန်ပီယံလိဂ်ပြုတ် အသင်းတွေထဲမှာလည်း အေဂျက် ၊ လေဗာကူဆင် ၊ စပို့တင်း လစ္စဘွန်း စတဲ့ အသင်းတွေ ရှိနေတာကြောင့် ဘာစီလိုနာအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲချင်ရင် အားသွန်ခွန်စိုက် ကြိုးစားကစားဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကတော့ သူတို့အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှိနေတဲ့ အသင်းတွေ ၊ တခြား ချန်ပီယံလိဂ်ပြုတ် အသင်းတွေထက် တဆင့် ပိုမြင့်တဲ့ အနေအထားမှာ ရှိတာကြောင့် ယူရိုပါလိဂ် ဆုဖလားကို အလွယ်တကူ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေသလို ဘာစီလိုနာနည်းပြ ဇာဗီကလည်း သူတို့အသင်းဟာ ယူရိုပါလိဂ် ဆုဖလား အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် ရှိနေကာ ယူရိုပါလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်မယ်လို့လည်း ယုံကြည်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ဇာဗီက – “အရာအားလုံးကို ခြုံကြည့်လိုက်ရင် အနုတ်လက္ခဏာ ဆောင်ခဲ့တာတော့ အမှန်ပါ။ (ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုကို ရည်ရွယ်လျက်) အခု ကျွန်တော်တို့မှာ ယူရိုပါလိဂ်ပြိုင်ပွဲ ကျန်နေသေးသလို အသင်းကောင်းတွေကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ယူရိုပါလိဂ် ဆုဖလားကို အရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့က အဆုံးထိ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်သွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။