စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကို ဂျာမန်မြေမှာပဲ အနိုင်ယူပြမယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုEမှာ ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ ၊ ဒိုင်နမိုကိဗ် စတဲ့ အသင်းတွေနဲ့ အတူတကွ ကျရောက်နေကာ ၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် ကစားရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိဖို့ လိုအပ်နေပါတယ်။

Photo Credit: SPORT

ဘာစီလိုနာအသင်းဟာ အုပ်စုပွဲစဉ် ၅ပွဲ ကစားပြီးချိန်မှာ ၂ပွဲနိုင် ၁ပွဲသရေ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကြောင့် ရမှတ် ၇မှတ်နဲ့ အဆင့်၂နေရာကို သိမ်းပိုက်ထားနိုင်ပေမယ့် အဆင့်၃နေရာက ဘင်ဖီကာအသင်းနဲ့ ရမှတ် ၂မှတ်သာ ကွာဟတာကြောင့် ၁၆သင်း ရှုံးထွက်အဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်နိုင်ဖို့ အတွက် ရမှတ် ၃မှတ် ထပ်မံ စုဆောင်းနိုင်ဖို့ လိုပါသေးတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ဘင်ဖီကာအသင်း ကတော့ အုပ်စုအောက်ဆုံး ဖြစ်တဲ့ ဒိုင်နမိုကိဗ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေတာကြောင့် ဘယ်အသင်းက ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်မလဲ ဆိုတာက စိတ်ဝင်စားစရာပါ။

Photo Credit: SPORT

ပွဲစဉ် ၂ပွဲရဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင် ဘာစီလိုနာအသင်းရဲ့ နောက်တဆင့် တက်ရောက်နိုင်ရေး မျှော်လင့်ချက်ဟာ အနည်းငယ် မှေးမှိန်နေပေမယ့် ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ သူတို့အသင်းဟာ ဂျာမန်မြေမှာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ကစားနိုင်ကြောင်း ဘင်ဖီကာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ဇာဗီက – “ကျွန်တော်တို့အသင်းက ဘင်ဖီကာအသင်းထက် ခြေစွမ်းပိုင်း အတော်လေးကို အသာစီး ရခဲ့တာပါ။ တကယ်လို့ ကျွန်တော်တို့သာ သွင်းဂိုး ၁ဂိုး ရခဲ့ရင် ဒီပွဲက ကျွန်တော်တို့ အတွက် ပွဲကောင်း တပွဲ ဖြစ်လာပါလိမ့်မယ်။ အခုတော့ ကျွန်တော်တို့ ရမှတ် ၁မှတ်ပဲ စုဆောင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကစားဖို့ ပွဲတပွဲ ကျန်သေးတယ်။ ကျွန်တော်တို့က ဂျာမန်မြေကို သွားပြီး နိုင်ပွဲတပွဲ ရယူနိုင်ဖို့ လိုနေပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ၂ပွဲမှာ ပင်နယ်တီကနေ သွင်းထားတဲ့ သွင်းဂိုး ၁ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ဟာ ဂိုးပေါက်ရှေ့မှာ ဘောလုံးကို ပိုပြီး အကျိုးရှိအောင် လုပ်ဖို့ လိုနေတာကို ပြသနေပါတယ်။ အခုတော့ ကျွန်တော်တို့တွေ မြူးနစ်မြို့ဆီ အနိုင်ယူဖို့ သွားရပါတော့မယ်။ ကျွန်တော်တို့က ဘာစီလိုနာ ဖြစ်လို့ သူတို့ကို အနိုင်ယူနိုင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။