ဒီကနေ့ည တနင်းလာနေ့ မနက်အစောပိုင်း (၂)နာရီခွဲအချိန် ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးထဲမှာ ယှဥ်ပြိုင်သွားကြမယ့် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဥ်ဟာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ လာလီဂါ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ပေးသွားမယ့်ပွဲ မဟုတ်သေးကြောင်း ဘာစီလိုနာနည်းပြ ဇာဗီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sporting News

အခုပွဲစဥ်မတိုင်ခင် မနေ့ညက ယှဥ်ပြိုင်ခဲ့တဲ့ လာလီဂါ ပွဲစဥ်မှာ ရီးယဲလ်အသင်းက အိမ်ရှင်ဗီလာရီးယဲလ်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ဘာစီလိုနာနဲ့ ရီးယဲလ်တို့ကြားမှာ ရမှတ်ချင်း တူညီသွားခဲ့ရပြီး တကယ်လို့ ဘာစီလိုနာသာ ဒီညပွဲကို အနိုင်ရလိုက်မယ်ဆိုရင် သူတို့ရဲ့ အနီးဆုံးပြိုင်ဘက် ရီးယဲလ်ကို (၃)မှတ်အထိ ဖြတ်တောက်နိုင်တော့မှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီပွဲကို အနိုင်ရခဲ့ပြီး ရီးယဲလ်ကို (၃)မှတ် ဖြတ်တောက်နိုင်ခဲ့မယ်ဆိုရင်လည်း ပွဲစဥ်​တွေ အများကြီး ကျန်ရှိနေသေးတာကြောင့် အခုပွဲရလဒ်က လာလီဂါ ချန်ပီယံဆုအတွက် အဆုံးအဖြတ် မဖြစ်နိုင်သေးဘူးလို့ ဇာဗီက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football Espana

အသက်လက်တီကိုနဲ့ ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်နဲ့ ပတ်သတ်ပြီး ဇာဗီက “ဒီပွဲဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးတဲ့ ပွဲစဉ်ပါ။ နောက်ပြီး အရမ်းကို ခက်ခဲတဲ့ ပြိုင်ဘက်အသင်းနဲ့လည်း ရင်ဆိုင်သွားရမှာပါ။ ဒီပွဲရလဒ်က ဘာကိုမှ ဆုံးဖြတ်ပေးနိုင်ဦးမှာ မဟုတ်ပေမယ့်လည်း အမှတ်ပေးဇယားအတွင်း အဆင့်ရပ်တည်မှုတွေအတွက်တော့ အကျိုးသက်ရောက်မှု ရှိစေမှာပါ။ ဒီပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးဖို့ ခက်ခဲနိုင်တယ် ဆိုပေမယ့်လည်း နောက်ဆုံး ကစားထားခဲ့တဲ့ ပွဲစဉ်(၂)ပွဲတုန်းကထက်တော့ ပိုပြီး ထိရောက်အောင် ကစားရပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲဟာ လာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ် တစ်ခုခု ပေးသွားနိုင်မယ့် ပွဲမျိုးတော့ မဟုတ်နေပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာဘက်က အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးနဲ့ နောက်ခံအစွန်လူ ဂျော်ဒီအယ်လ်ဘာတို့ နှစ်ဦးလုံး ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို အသက်လက်တီကိုကွင်းမှာ သွားကစားထားခဲ့တဲ့ နောက်ဆုံး(၅)ပွဲမှာလည်း ဘာစီလိုနာက နိုင်ပွဲ(၁)ပွဲတည်းသာ ရယူထားနိုင်ခဲ့ရပါတယ်။