စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂရန်နာဒါအသင်းကို နောက်ကျ ချေပဂိုးကြောင့် သရေကျခဲ့ရလို့ စိတ်ဆိုး ဒေါသထွက်ရကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီး နောက်ပိုင်းမှာ သွင်းဂိုးတွေ နည်းပါးနေပေမယ့် နိုင်ပွဲတွေကိုတော့ ဆက်တိုက် ဆိုသလို ရရှိနေပါတယ်။

Photo Credit: Daily Mail

ဒါကြောင့်ပဲ ဘာစီလိုနာအသင်း အနေနဲ့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဂရန်နာဒါနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်း တစုံတရာကို ရရှိမယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားရာမှာ လူငယ်ကြယ်ပွင့် ဂါဘီ တယောက် နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရသလို နောက်ကျချေပဂိုးပါ ခွင့်ပြုခဲ့ရတာကြောင့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့ပြီး ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်း အနေနဲ့ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဂရန်နာဒါအသင်းက ဂိုးသွင်းခွင့်တွေ ပိုမို ရရှိခဲ့ကာ ဘာစီလိုနာအသင်း အတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး လုခ်ဒီဂျောင်က ပွဲကစားချိန် ၅၇မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဂရန်နာဒါအသင်း အတွက် အဖိုးတန် ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၉မိနစ်မှာ တပွဲလုံး ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ပူတာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Daily Mail

အနိုင် ၃မှတ်နဲ့ အိမ်ပြန်ရဖို့ နီးစပ်ခဲ့ပြီးမှ ရမှတ် ၁မှတ်စီ ခွဲဝေယူခဲ့ရတာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ စိတ်ပျက်စရာ ညချမ်းတခုနဲ့ ကြုံတွေ့ခဲ့ရတာလို့ ဆိုနိုင်ပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း အနိုင်ကနေ သရေကျသွားခဲ့လို့ ဒေါသထွက်မိကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ဇာဗီက – “ဒီပွဲမှာ သရေသာ ရခဲ့လို့ ကျွန်တော်တို့ မပျော်နိုင်ပါဘူး။ ကျွန်တော်တို့ ဒေါသထွက်တယ်။ ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့အသင်းက အတွေ့အကြုံ မရှိတဲ့ အသင်းတသင်းလို ဖြစ်နေခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီးတော့ များများစားစား မပြောချင်ပါဘူး။ ကျွန်တော်ကတော့ စိတ်ခံစားချက်တွေ မထိန်းနိုင်တာကြောင့် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလို့ပဲ သုံးသပ်ချင်ပါတယ်။ တယောက်လျော့ပြီးနောက် ကျွန်တော်တို့တွေ ခံစစ် ကစားဖို့ လိုအပ်ခဲ့ပေမယ့် ကျွန်တော်တို့အသင်းက ခံစစ် ကစားပုံမျိုးနဲ့ အကျွမ်းတဝင် မရှိပါဘူး။ ဒါကြောင့်ပဲ အခုလို နောက်ကျအနိုင်ဂိုးကို ခွင့်ပြုခဲ့ရတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။