စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ လာလီဂါ ပွဲစဉ်မှာ နိုင်ပွဲ ရအောင် အစွမ်းကုန် မကြိုးစားခဲ့တဲ့ အသင်းသားတွေကို နိုင်လိုစိတ် မရှိကြတဲ့ ကစားသမားတွေလို့ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လာလီဂါပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၂၇) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ပွဲစဉ်မှာလည်း ဂိုးမရှိ သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။

 

Photo Credit: Euro Sports

ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၂၇) အဖြစ် အဝေးကွင်းမှာ ဘီလ်ဘာအိုကို သွားရောက် ရင်ဆိုင် ကစားခဲ့ရတာ ဖြစ်ပြီး ဘီလ်ဘာအိုက ကြားရက်မှာ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ကို ကစားခဲ့ရတာကြောင့် ဒီနေ့ပွဲမှာ အရန်ကစားသမား အများအပြားနဲ့ ကစားသွားခဲ့ကာ ဘာစီလိုနာကတော့ အဓိက ကစားသမား အစုံအလင် ထည့်သုံးခဲ့ပါတယ်။

ဘာစီလိုနာက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် အဓိက ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ဒီဂျောင်နဲ့ ပီဒရီတို့က ဒဏ်ရာပြဿနာတွေကြောင့် ပထမပိုင်းမှာပဲ အသင်းဖော်တွေ ဖြစ်ကြတဲ့ ဖာမင် ၊ ယာမယ်လ် စတဲ့ ကစားသမားတွေနဲ့ လူစားလဲခံခဲ့ရပြီး ဒီဂျောင်နဲ့ ပီဒရီတို့ ထွက်သွားချိန်မှာ ဘာစီလိုနာရဲ့ ကစားအားက အတော်လေးကို ကျဆင်းသွားခဲ့ပါတယ်။

Photo Credit: Marca

ယခုတပတ်မှာ ဘာစီလိုနာရဲ့ ချန်ပီယံလုဘက်တွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျီရိုနာတို့က ရမှတ်တွေ အသီးသီး လျော့ထားတာကြောင့် ဘာစီလိုနာကသာ ဘီလ်ဘာအိုကို အနိုင်ယူခဲ့ရင် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာ အထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ဘာစီလိုနာကတော့ အခွင့်အရေးကောင်း တခုကို အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ ဘီလ်ဘာအို ၀-၀ ဘာစီလိုနာ ပွဲအပြီးမှာ ဇာဗီက ဘီလ်ဘာအိုကို အနိုင်ရအောင် အားကုန်ထုတ် မကစားခဲ့ကြတဲ့ ကစားသမားတွေကို ဒေါသထွက်နေတာပါ။ ဇာဗီက – “ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းက ဘာကြောင့် နိုင်လိုစိတ် မရှိခဲ့တာလဲ ဆိုတာကို ရှင်းပြဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ဂျီရိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ရမှတ် လျော့သွားတာကို သိပြီးတာတောင်မှ အသင်းသားတွေက ဒီပွဲမှာ နိုင်လိုစိတ် မရှိခဲ့တာဟာ အတော်လေး နားလည်ရခက်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။