MySport Myanmar

ရပ်တန့်လို့ မရနိုင်တဲ့ စွမ်းဆောင်ရည်များနဲ့ ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်း

နည်းပြ ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းကတော့ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ အတော်လေးကို ခြေစွမ်းတွေ ပြသထားလျက် ရှိနေပါတယ်။ အသင်းတိုက်စစ်ကလည်း ပွဲတိုင်းမှာ အနိမ့်ဆုံး (၂)ဂိုးခန့်လောက်အထိ သွင်းယူထားသလို ပြိုင်ပွဲစုံမှာလည်း ရှုံးပွဲမရှိအောင် ကစားထားနိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက နည်းပြ အလွန်ဆိုနဲ့ လက်တွဲခဲ့တဲ့ လေဗာကူဆင်ဟာ အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် အလွန်ဆိုကို ကလပ်အသင်းကြီးတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် အလွန်ဆိုကတော့ လေဗာကူဆင်နဲ့ ၂၀၂၆ခုနှစ်အထိ သက်တမ်းတိုးမြှင့်ပြီး အသင်းနဲ့သာ ဆက်လက် လက်တွဲခဲ့ရာ အခုရာသီမှာလည်း အလွန်ဆိုက သူရဲ့ လေဗာကူဆင်အသင်းကို အကောင်းဆုံး အခြေအနေ ရောက်ရှိအောင်ပါ ထပ်မံ စွမ်းဆောင်ပြထားခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား ပွဲစဉ်မှာ ဆန်းထောင်ဆန်အသင်းကို (5-2) နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် လေဗာကူဆင်ရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး စုစုပေါင်းဟာ (၅၁)ဂိုးအထိ ရှိလာခဲ့တာကြောင့် အခုနှစ် ဘောလုံးရာသီအတွင်း ဂိုး(၅၀)အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကလပ်အသင်းပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Bundesliga

ဒါတင်မကသေးပဲ လေဗာကူဆင်ဟာ ဒီရာသီ ဂျာမန် ဘွန်ဒက်စ်လီဂါမှာလည်း ဘိုင်ယန်မြူးနစ် တစ်သင်းတည်းကိုသာ (၂)ဂိုးစီ သရေကျအောင် ကစားထားနိုင်ခဲ့ပြီး ကျန်တဲ့ (၈)ပွဲလုံး အနိုင်ကစားထားခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့် (၁)နေရာထိလည်း ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယူရိုပါလိဂ်မှာလည်း ကာရာဘတ် မိုလ်ဒီ ဟက်ကန်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေရင်း အုပ်စုပွဲ (၃)ပွဲ ကစားပြီးချိန်မှာပါ (၃)ပွဲလုံး ရာနှုန်းပြည့် အနိုင်ရထားခဲ့ပါတယ်။ ပိုကယ်ဖလားဘက်မှာလည်း (၂)ပွဲ ကစားထားပြီးချိန် (၂)ပွဲလုံး ဂိုးပြတ်ရလဒ်တွေနဲ့ နိုင်ပွဲရခဲ့ပြီး (၂)ပွဲအတွင်း (၁၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version