ဘောလုံးသမားဘဝကနေ အနားယူပြီး နည်းပြဘဝကို ဝင်ရောက်ထားတဲ့ နည်းပြတွေထဲကမှ ဒီနှစ် ဘောလုံးရာသီအတွင်း ထူးထူးခြားခြား စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်သူတွေကတော့ အာတေတာ ဇာဗီဟာနန်ဒက်ဇ်တို့လို စပိန် ကွင်းလယ်ကစားသမားဟောင်းကြီးတွေဖြစ်ပြီး ဒီထဲမှာ နောက်ထပ် စပိန်ကစားသမားဟောင်းတစ်ဦးကလည်း သူရဲ့ကလပ်အသင်းကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်ပါတယ်။ သူကတော့..
Photo Credit : FIFA
ဇာဗီအလွန်ဆိုပါ။ ကစားသမားဘဝအတွင်း အကောင်းဆုံး ကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အလွန်ဆိုဟာ လီဗာပူးလ် ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်တို့လို အသင်းကြီးမျိုးတွေမှာ ပါဝင်ကစားခဲ့ဖူးသလို လီဗာပူးလ် ရီးယဲလ်တို့နဲ့ ချန်ပီယံလိဂ်ဖလားတွေ ပိုင်ဆိုင်ခဲ့ပြီး ကလပ်အသင်း ကစားသမားဘဝမှာ ဆုဖလား (၁၄)ခုအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၀၈ ယူရိုဖလား ၂၀၁၀ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ယူရိုဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ နည်းနစ်စပိုင်း ကျွမ်းကျင်ပြီး vision လည်း ကောင်းမွန်တဲ့ အလွန်ဆိုဟာ ကွင်းလယ်မှာ ခံစစ်ပိုင်းပါ ထူးချွန်ကာ ဖန်တီးမှုအားလည်း ကောင်းမွန်လှပါတယ်။
Photo Credit : Football Espana
ဒီလို ဘောလုံးသမားဘဝအတွင်း performance ကောင်းမွန်စွာ ပြသထားခဲ့သူ အလွန်ဆိုဟာ ကစားသမားဘဝက အနားယူချိန်မှာ ရီးယဲလ် လူငယ်အသင်း နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး တစ်နှစ်အကြာမှာပဲ ဆိုစီဒက် အရန်အသင်းကို ဆက်လက် ကိုင်တွယ်ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် မေလမှာ ဆိုစီဒက် အရန်အသင်းနဲ့ လမ်းခွဲဖြစ်ခဲ့တဲ့ အလွန်ဆိုဟာ အောက်တိုဘာလမှာတော့ ဘွန်ဒက်စ်လီဂါ နာမည်ကျော်ကလပ် လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်အဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။
Photo Credit : Sky Sports
လေဗာကူဆင်အသင်းက အလွန်ဆိုကို အသင်းနည်းပြအဖြစ် တာဝန်ပေးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နေရာထိ ရောက်ရှိနေတာဖြစ်ပြီး အခုဆိုရင်တော့ အဆင့်(၆)ထိ ရပ်တည်နိုင်အောင် အလွန်ဆိုက ပို့ဆောင်ထားနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း လေဗာကူဆင်ကို ဆီမီးဖိုင်နယ် အဆင့်ထိ တတ်လှမ်းအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ လေဗာကူဆင်ဟာ အလွန်ဆို လက်ထက်မှသာ ယူရိုပါလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ထိ တတ်လှမ်းခဲ့ရတာ ဖြစ်ကာ အခုဆိုရင်လည်း လေဗာကူဆင်ကို (၁၂)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ပါ စွမ်းဆောင်ထားပါသေးတယ်။