ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း နဲ့ လက်ရှိ ကွာတာနိုင်ငံက အယ်လ်ဆတ်အသင်းရဲ့ နည်းပြ ဇာဗီဟာ ဘာစီလိုနာအသင်းကို နည်းပြဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တာကြောင့် လာမယ့်ရာသီကနေ ဘာစီလိုနာအသင်းကို နည်းပြနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မကြာသေးခင်ကမှ လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) နေရာကို ဆုံးရှုံးခဲ့တာ ဖြစ်ပေမယ့်လည်း လက်ကျန် ပွဲစဉ် (၅) ပွဲသာ ကစားဖို့ လိုအပ်တဲ့ အချိန်မှာ အဆင့် (၁) နေရာက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ် (၄) မှတ် ကွာဟတာကြောင့် လိဂ်ဖလားကို ဆုံးရှုံးနိုင်ပါတယ်။

Photo Credit: Sportsbible

စပိန်အခြေစိုက် Mundo Deportivo သတင်းထောက် ဖရန်ဆက်စ် အဂွဲလာ (Francesc Aguilar) က အယ်လ်ဆတ် နည်းပြ ဇာဗီဟာ ဘာစီလိုနာအသင်းကို လာမယ့် ရာသီကနေ စတင် နည်းပြဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်လို့ အခိုင်အမာ ရေးသား ဖော်ပြသွားလိုက်တာပဲ ဖြစ်ပါတယ်။ တွစ်တာမှာ သတင်းထောက် အဂွဲလာက “ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဇာဗီဟာ သြဂုတ်လမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ မပြီးမချင်း ဘာစီလိုနာအသင်းကို တာဝန်ယူသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ”လို့ ရေးသားခဲ့ပါတယ်။

Photo Credit: Sportsbible

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ ရလဒ်က ဆိုးရွားနေပြီး အသင်းရဲ့ နည်းပြ နဲ့ ကစားသမားတွေကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီအနေနဲ့ အသင်းက ထွက်သွားနိုင်ချေရှိတယ်လို့လည်း သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း အသင်းရဲ့ ရလဒ် ဆိုးရွားလာခဲ့တာကြောင့် နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ပြီး လက်ရှိ နည်းပြ ဆက်တီယန်ကို ခန့်အပ်ခဲ့တာ ဖြစ်ပေမဲ့လည်း အစပိုင်းမှာသာ ရလဒ်တွေ ကောင်းမွန်ခဲ့ပြီး နောက်ပိုင်း ရလဒ်တွေ ပြန်လည် ဆိုးရွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ တိုက်စစ်မှူး မက်ဆီအနေနဲ့ အသင်းက ထွက်သွားနိုင်တယ် ဆိုတဲ့ သတင်း နဲ့ နည်းပြ ဇာဗီနဲ့ သဘောတူညီမှု ရရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။