စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၁၄မှာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာဟာ အလွန့်အလွန် ကံကောင်းလွန်းလို့ ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး အဆိုပါနိုင်ပွဲဟာ သူတို့အသင်း အတွက် မေလ နောက်ပိုင်း ပထမဦးဆုံး လာလီဂါ အဝေးကွင်းနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့တဲ့ အသင်းဟာ အိမ်ရှင် ဗီလာရီးရဲလ်အသင်း ဖြစ်ခဲ့ပေမယ့် ကံတရားကတော့ ဘာစီလိုနာအသင်းဘက်မှာ ရှိနေခဲ့ပြီး ဘာစီလိုနာအသင်းဟာ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဒီပိုင်းနဲ့ ကော်တင်ဟိုတို့ရဲ့ နောက်ကျအနိုင်ဂိုးတွေနဲ့ အတူ အဖိုးတန် နိုင်ပွဲတပွဲကို ရရှိခဲ့တာပါ။

ဗီလာရီးရဲလ်အသင်းကို အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ၁၄ပွဲ ကစားပြီးချိန်မှာ ၆ပွဲနိုင် ၅ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၂၃မှတ် အထိ စုဆောင်းနိုင်ခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့်၇နေရာ အထိ ရောက်လာခဲ့ပြီး အဆင့်၁နေရာက ရီးရဲလ်မက်ဒရစ်အသင်းထက် ၁ပွဲပို ကစားထားကာ ၇မှတ်သာ ကွာဟတဲ့ အနေအထားကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့် ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ နိုင်ခဲ့တဲ့ ပွဲစဉ်ဟာ ဘာစီလိုနာအသင်း အတွက် အဖိုးတန် နိုင်ပွဲတပွဲ ဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ဗီလာရီးရဲလ်အသင်းနဲ့ပွဲက သရေရလဒ်နဲ့သာ ပြီးဆုံးသင့်ကြောင်းနဲ့ သူတို့အသင်းဟာ ကံကောင်းလို့သာ ရမှတ် ၃မှတ် ရရှိခဲ့တာ ဖြစ်ကြောင်း ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဇာဗီက – “ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက တန်းတူပါပဲ။ ဗီလာရီးရဲလ်အသင်းက ထိပ်တန်းအသင်း တသင်းပါ။ ကျွန်တော့်ရဲ့ ဘာစီလိုနာ နည်းပြဘဝ ကစားခဲ့တဲ့ ၃ပွဲမှာ ဒီပွဲက ကျွန်တော်တို့အသင်းရဲ့ ပွဲကို လွှမ်းမိုးနိုင်စွမ်း အနည်းဆုံး ပွဲတပွဲ ဖြစ်ခဲ့သလို အနိုင်ရလဒ်နဲ့ မထိုက်တန်ဘူးလို့ ခံစားရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲက သရေရလဒ်နဲ့ပဲ ပြီးဆုံးသင့်တဲ့ ပွဲတပွဲပါ။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့တွေ အနိုင် ၃မှတ်နဲ့ ကွင်းထဲကနေ ထွက်လာနိုင်ပါတယ်။ ဒါက ကျွန်တော်တို့အသင်း အတွက် အရမ်းကို ကောင်းပြီး လိုအပ်နေတဲ့ စိတ်ဓာတ်ပိုင်း တက်ကြွမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်” လို့ ဝန်ခံသွားခဲ့တာပါ။