စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ အီတလီ နာမည်ကြီးကလပ် နာပိုလီကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲဟာ ခက်ခဲတဲ့ ပြိုင်ပွဲတခု ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ တတိယနေရာသာ ရရှိခဲ့တာကြောင့် ယခုလိုမျိုး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကာ ကစားနေရတာ ဖြစ်ပြီး ယခုတကြိမ် ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားရတာဟာ သူတို့အသင်း အတွက် ဆယ်စုနှစ် တစုအတွင်း ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက ယခုနှစ်ရဲ့ ယူရိုပါလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မယ်လို့ အားခဲထားကြပေမယ့် ဆယ်စုနှစ် တစုအတွင်း ပထမဦးဆုံး ပြန်ကစားရတဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ နာပိုလီကို သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာဟာ ဧည့်သည် နာပိုလီကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ရရှိလာတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်ခဲ့တာကြောင့် ဖာရန်း တောရက်စ်ရဲ့ ပင်နယ်တီ ချေပဂိုးနဲ့အတူ ၁-၁ ဆိုတဲ့ ရလဒ်ကိုသာ ရရှိခဲ့ပြီး ဒုတိယအကျော့ အဖြစ် နေပယ်မြို့မှာ ကစားရမယ့် ပွဲစဉ်ဟာ ဘာစီလိုနာ အတွက် ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာတော့မှာပါ။

Photo Credit: Daily Mail

နာပိုလီနဲ့ ပထမအကျော့ပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက ယူရိုပါလိဂ်ဟာ ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ လိဂ်တခု ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ ဇာဗီက ပွဲအပြီး အင်တာဗျူးမှာ – “ယူရိုပါလိဂ်က အရမ်းကို ခက်ခဲတဲ့ လိဂ်တခုပါပဲဗျာ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

ပရိသတ်ကြီးကရော ဘာစီလိုနာအနေနဲ့ ဒီနှစ်ရဲ့ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်နိုင်မယ်လို့ ထင်ကြလားဗျ…?