စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် ဂျာမန် ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံကစားခဲ့ရာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၄ ဆိုတဲ့ ရလဒ်နဲ့အတူ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

ဘာစီလိုနာဟာ ပထမအကျော့ အဖြစ် ဖရန့်ဖတ်ကို ဂျာမန်မြေမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ရာ အဝေးကွင်းမှာ ခြေအသာနဲ့ ၁-၁ သရေရလဒ် ရရှိအောင် ကစားနိုင်ခဲ့တာကြောင့်ပဲ သူတို့ရဲ့ နာမည်ကျော် နူးကမ့်ကွင်းမှာ ယှဉ်ပြိုင် ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဖရန့်ဖတ်ကို အနိုင်ယူကာ ဆီမီးဖိုင်နယ် အဆင့်ဆီ တက်ရောက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ဧည့်သည် ဖရန့်ဖတ်ကသာ ဘာစီလိုနာထက် ပိုကောင်းတဲ့ အသင်းလိုက် ကစားဟန်ကို ပြသနိုင်ခဲ့ကာ အဝေးကွင်းမှာ ထိုက်တန်တဲ့ နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

နူးကမ့်ကွင်းမှာ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ နိုင်ပွဲ ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဧည့်သည် ဖရန့်ဖတ်က ကောင်းမွန်တဲ့ အသင်းလိုက် ကစားဟန်ကို ပြသနိုင်ခဲ့သလို လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ဘာစီလိုနာဘက်ကို ဒုက္ခပေးနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ၃ဂိုးကိုလည်း စတင် သွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာကတော့ ဖရန့်ဖတ်ရဲ့ မျှော်လင့်မထားတဲ့ အသင်းလိုက် ကစားဟန်ကြောင့်ပဲ လိုအပ်တဲ့ သွင်းဂိုးတွေ ရရှိဖို့ ခက်ခဲခဲ့ပြီး သူတို့အသင်း အတွက် သိက္ခာဆည် ချေပဂိုး နှစ်ဂိုးကိုတော့ ပွဲပြီးဆုံးခါနီးမှ အသင်းခေါင်းဆောင် ဘက်စ်ကွက်နဲ့ လူစားဝင် တိုက်စစ် ကစားသမား ဒီပိုင်းတို့က သွင်းယူပေးခဲ့တာပါ။

Photo Credit: Marca

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက သူတို့အသင်းမှာ အားနည်းချက်တွေ ရှိနေသေးကြောင်း ဝန်ခံသွားခဲ့ပြီး ဖရန့်ဖတ်က သူတို့အသင်းကို ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာ ဖြစ်သလို သူတို့က ရှုံးပွဲနဲ့ ထိုက်တန်ခဲ့ကြောင်း ဆိုသွားပါတယ်။

ဇာဗီက – “ကျွန်တော်တို့က ဒီပွဲမှာ လိုအပ်နေတဲ့ သွင်းဂိုးတွေ မသွင်းနိုင်ခဲ့ဘူး။ သွင်းဂိုးတွေ ရခဲ့တယ် ဆိုပေမယ့် ကစားပုံကတော့ မကောင်းခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက မကောင်းခဲ့ပေမယ့် သူတို့ရဲ့ တန်ပြန်တိုက်စစ် ကတော့ အရမ်းကို ကောင်းခဲ့ပါတယ်။ ပင်နယ်တီ ရသွားတာက သူတို့အသင်း အတွက် အဖွင့်လှသွားခဲ့တာ ဖြစ်သလို အရမ်း လှပတဲ့ သွင်းဂိုး တဂိုးကြောင့် သူတို့က ကျွန်တော်တို့ကို ၂ဂိုးပြတ်နဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ် ဆိုပေမယ့် သူတို့ကို အထိနာအောင် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ကိုယ့်ရဲ့ အမှားတွေကြောင့်ပဲ ထိုက်တန်တဲ့ အပြစ်ပေးမှုကို ခံခဲ့ရတာပါ။ ဥရောပပွဲတွေ ကစားရင် ဒီလိုမျိုး အမှားအယွင်း များနေလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ရှုံးနိမ့်မှုက ထိုက်တန်တဲ့ ရှုံးနိမ့်မှု တခုပါ။ ဖရန့်ဖတ်ကိုတော့ ဒီနေရာကနေ ဂုဏ်ပြုချင်ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။