စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်(၃၃)မှာ ဗယ်လက်ကာနိုကို အိမ်ကွင်း နူးကမ့်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်းက ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေ တခုကို ရောက်ရှိနေကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ စပိန်လာလီဂါ ပွဲစဉ်(၃၃) အဖြစ် အမှတ်ပေးဇယား အဆင့်၁၁က ဗယ်လက်ကာနိုကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပေမယ့် ဗယ်လက်ကာနို တောင်ပံကစားသမား ဂါစီယာရဲ့ ပွဲကစားချိန် ၇မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကို ပြန်လည် ချေပနိုင်ခြင်း မရှိခဲ့တာကြောင့် အိမ်ကွင်းမှာပဲ အရှက်တကွဲနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Marca

အဆိုပါရှုံးပွဲကြောင့်ပဲ ဘာစီလိုနာက အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာက ရီးရဲလ်မက်ဒရစ်ကို လိုက်မှီနိုင်ခဲ့ခြင်း မရှိတော့သလို အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် အိမ်ကွင်းမှာ ၃ပွဲဆက် အရေးနိမ့်တဲ့ မှတ်တမ်းဆိုး တခုကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။

ဗယ်လက်ကာနိုကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ဇာဗီက သူတို့အသင်းမှာ အားနည်းချက်တွေ ရှိနေသေးကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပြီး သူတို့အသင်းဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း ဆိုသွားခဲ့ပါသေးတယ်။

Photo Credit: Marca

ဇာဗီက – “ကျွန်တော်တို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းမှာ ပြဿနာတွေ ရှိနေတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် အသင်းတွင်းနဲ့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေမှာ အရေးပေါ် ပြဿနာတွေ ရှိနေပါတယ်။ ဒါကြောင့် အခုချိန်က ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ အချိန်တခုလို့ ဆိုရပါမယ်။ အခုကတော့ ကျွန်တော်တို့တွေ ကောင်းကောင်း အနားယူရမယ်။ ပြီးတော့ မာလာကာနဲ့ ကစားရမယ့် ပွဲအတွက် ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့တွေ ကြုံနေရတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့လည်း လုပ်ဆောင်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။