MySport Myanmar

လေဗာကူဆင်နဲ့ လမ်းခွဲဖြစ်ရင် ဘိုင်ယန်ကိုပဲ ရွေးချယ်သွားမယ့် ဇာဘီ အလွန်ဆို

လေဗာကူဆင်အသင်းရဲ့ နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုကတော့ သူ့အနေနဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လေဗာကူဆင်နဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ဘိုင်ယန်မြူးနစ်အသင်းကိုသာ ရွေးချယ်သွားလိမ့်မယ်လို့ သိရပါတယ်။

စပိန်ကစားသမားဟောင်းကြီး အလွန်ဆိုဟာ မနှစ်ကမှ လေဗာကူဆင်အသင်းရဲ့ နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့ရင်း အသင်းကို ဇယားအောက်ခြေကနေ အကောင်းဆုံး စွဲတင်ပေးနိုင်ခဲ့သလို ဒီရာသီမှာဆိုရင်လည်း ဖလား(၃)လုံး လမ်းကြောင်းမှာပါ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။

Photo Credit : Marca

ဒါ့အပြင် အလွန်ဆိုဟာ ဒီရာသီထဲမှာ သူရဲ့ လေဗာကူဆင်အသင်းကို တစ်ရာသီလုံး ပြိုင်ပွဲစုံ (၃၈)ပွဲအထိ လုံးဝ ရှုံးပွဲမရှိသေးအောင်ပါ အံ့အားသင့်စဖွယ် စွမ်းဆောင်ပေးထားခဲ့ပါသေးတယ်။ ဒီလို အထင်ကြီးလောက်စရာ စွမ်းဆောင်မှုတွေကြောင့်ပဲ အလွန်ဆိုကို ဥရောပထိပ်သီး ကလပ်အသင်းတွေက စိတ်ဝင်စားလာကြပါတယ်။

အလွန်ဆိုကို စိတ်ဝင်အစားဆုံး ဖြစ်နေတဲ့ ကလပ်အသင်းတွေထဲမှာတော့ ဒီရာသီအကုန်မှာ လက်ရှိနည်းပြတွေနဲ့ လမ်းခွဲတော့မယ့် လီဗာပူးလ် ဘိုင်ယန်မြူးနစ်တို့ ပါဝင်နေကြပြီး ဒီနှစ်သင်းလုံးက အလွန်ဆိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် Sky Sports အားကစား သတင်းမီဒီယာကြီးရဲ့ ဖော်ပြချက်မှာတော့ အလွန်ဆိုက လေဗာကူဆင်အသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင် လီဗာပူးလ်အသင်းဆီ မသွားပဲ ဘိုင်ယန်မြူးနစ်အသင်းကိုပဲ ရွေးချယ်လိမ့်မယ်လို့ သိရပါတယ်။

ဘိုင်ယန်ဆိုတာကလည်း သူတို့ရဲ့ ဘွန်ဒက်စ်လီဂါမှာ ကောင်းပေ့ဆိုတဲ့ ကစားသမားတွေ နည်းပြတွေအထိ ရအောင် ခေါ်ယူတက်လေ့ရှိပြီး ပြိုင်ဘက်အသင်းတွေကို အားနည်းသွားအောင် လုပ်တက်လေ့ရှိတာကြောင့် ဒီတစ်ကြိမ်မှာလည်း သူတို့အသင်းကို ကျော်လွန်ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်လာတော့မယ့် လေဗာကူဆင်ရဲ့ နည်းပြ အလွန်ဆိုကို ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version