MySport Myanmar

နိုင်ပွဲဆက်နေတဲ့ ဘိုင်ယန်ကို ရပ်တန့်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အလွန်ဆို

လေဗာကူဆင်အသင်း နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုက သူတို့အသင်းအနေနဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲတွေဆက်ပြီး ရာနှုန်းပြည့် နိုင်ပွဲတွေဆက်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အကောင်းဆုံး ရင်ဆိုင်သွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်က နည်းပြသစ် ဗင်းဆင့် ကွန်ပနီရဲ့လက်ထက်မှာ ပိုပြီး ရုန်းကန်ရတော့မယ်လို့ အားလုံးက ထင်ထားကြပေမယ့်လည်း လက်ရှိ အခြေအနေအထိတော့ ကွန်ပနီရဲ့ ဘိုင်ယန်က ဂိုးပြတ်ရလဒ်တွေနဲ့ နိုင်ပွဲတွေ ဆက်တိုက် ရယူထားခဲ့သလို ဘွန်ဒက်စ်လီဂါမှာလည်း (၄)ပွဲကစား (၄)ပွဲလုံး အနိုင်ရထားပြီး သွင်းဂိုး (၁၆)ဂိုးအထိတောင် သွင်းယူထားပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆုဖလားတွေနဲ့ အလှမ်းဝေးခဲ့ရတဲ့အပြင် ဘွန်ဒက်စ်လီဂါမှာလည်း အဆင့်(၃)နေရာနဲ့သာ ရာသီသိမ်းပြီး ချန်ပီယံ လေဗာကူဆင်နဲ့ပါ အမှတ်ကွာဟချက် များပြားခဲ့ရတဲ့ ဘိုင်ယန်က နာည်းပြ အတွေ့အကြုံ နုနယ်သေးတဲ့ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းက အတော်လေး စွန့်စားရာ ရောက်ခဲ့ပါတယ်။

မနှစ်က ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ လေဗာကူဆင်ကတော့ ဒီရာသီထဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် ကျန်တဲ့ (၃)ပွဲလုံးကို အနိုင်ယူခဲ့ပြီး အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။ ဒီတစ်ပတ်မှာတော့ ဘိုင်ယန်နဲ့ လေဗာကူဆင်တို့က ဘိုင်ယန်ရဲ့အိမ်ကွင်း အလိုင်းရန့် အရီနာမှာ ထိပ်တိုက် ဆုံတွေ့မှာဖြစ်ပြီး ဒီပွဲမတိုင်ခင် လေဗာကူဆင် နည်းပြ အလွန်ဆိုက ပွဲကြိုစကားတွေ ပြောဆိုလာပါတယ်။

Photo Credit : Bavarian Football Works

“သူတို့အသင်းက ဒီရာသီအစမှာ အရမ်းကောင်းနေပါတယ်။ သူတို့အသင်းက အရည်အသွေးအပြည့် အားသွန်ခွန်စိုက်နဲ့ကို ကစားနေတာ။ ဗင်းဆင့် ကွန်ပနီရဲ့ လွှမ်းမိုးမှုကလည်း အခုချိန်အထိ အရမ်းကောင်းမွန်နေပါတယ်။ မနက်ဖြန်ကတော့ ကျွန်တော်တို့အသင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေမှာ။”

“ကျွန်တော်တို့အသင်းအနေနဲ့ကတော့ ပွဲချိန်ပြည့်ကို အာရုံစူးစိုက်မှု အပြည့်အဝနဲ့ ကစားသွားဖို့ လိုအပ်ပါမယ်။ ဘယ်လို အခြေအနေမျိုးအတွက်မဆို ကျွန်တော်တို့က အဆင်သင့် ဖြစ်နေပါပြီ။” လို့ အလွန်ဆိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒီအသင်း (၂)သင်းကြား နောက်ဆုံး (၅)ချိန်အထိ ထိပ်တိုက် တွေ့ဆုံမှုမှာ ဘိုင်ယန်က (၁)ကြိမ်သာ အနိုင်ရခဲ့ပြီး လေဗာကူဆင်က (၂)ကြိမ် နိုင်ထားသလို (၂)ကြိမ် သရေကျထားခဲ့ပါတယ်။

Exit mobile version