လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက ဘောလုံးကစားသမားဘဝကနေ အနားယူလိုက်တဲ့ စပိန်ဝါရင့် ကွင်းလယ်ကစားသမားကြီး ဇာဗီအလွန်ဆိုဟာ သူရဲ့ကစားသမားဘဝအတွင်း စပိန်ကလပ်အသင်းများစွာမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိ လာလီဂါ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေကြတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ရီးယဲလ်ဆိုစီဒက်အသင်းတွေမှာပါ ပါဝင်ကစားခဲ့ဖူးတာဖြစ်ပါတယ်။ အလွန်ဆိုရဲ့ အသင်းဟောင်းနှစ်သင်းဟာ ဒီတစ်ပတ်အတွင်းမှာပဲ ထိပ်တိုက်ရင်ဆိုင်ရတော့မယ့် သူ့အသင်းဟောင်းနှစ်သင်းအနက် ဘယ်အသင်းကို အနိုင်ရသွားစေချင်သလဲဆိုတာကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၄၀)အရွှယ် ရှိနေပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူဟောင်းကြီး အလွန်ဆိုဟာ ဆိုစီဒက်လူငယ်အသင်းကနေ ၂ဝဝဝခုနှစ်မှာပဲ စီနီယာအသင်းကြီးကို ရောက်ရှိလာရင်း သူရဲ့စီနီယာ ဘောလုံးသမားဘဝကို စတင်ခဲ့ရသလို လာလီဂါ ထိပ်တန်းကလပ် ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း ၂၀၀၉ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ပါဝင်ခဲ့ရပါသေးတယ်။ ဒီအသင်းနှစ်သင်းဟာ လက်ရှိမှာ လာလီဂါ အမှတ်ပေးဇယားရဲ့ Top Three အတွင်းမှာ ရပ်တည်နေကြတဲ့ ကလပ်အသင်းတွေ ဖြစ်နေတဲ့အပြင် ဒီနေ့ည (၂)နာရီခွဲအချိန်မှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်လို့ အသင်းဟောင်း နှစ်သင်းထဲကမှ ဆိုစီဒက်အသင်းကိုသာ ရလဒ်ကောင်းတွေ ပိုရစေချင်တယ်လို့ အလွန်ဆိုက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Newsy Today

လက်ရှိမှာ ဆိုစီဒက် အရန်အသင်းရဲ့ နည်းကြတစ်ဦးအဖြစ်နဲ့ တာဝန်ယူ ဆောင်ရွှက်နေတဲ့ အလွန်ဆိုက “ကျွန်တော် အန်စလော့တီနဲ့ ရီးယဲလ်မှာရော ဘိုင်ယန်မြူးနစ်အသင်းမှာပါ အလုပ်အတူ တွဲဖက်လုပ်ကိုင်ခွင့် ရရှိထားခဲ့တာ ဖြစ်ပြီးတော့ သူရဲ့ဝန်ထမ်းတွေ သူရဲ့သားဖြစ်သူနဲ့ပါ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေးတွေလည်း ရှိခဲ့ဖူးပါတယ်။ သူတို့တွေက အရမ်းကို နွေးထွေးကြပြီး ချစ်စရာကောင်းကြတဲ့ လူတွေပါ။ ၂၀၀၅ခုနှစ်တုန်းက အစ္စတန်ဘူလ် ဖိုင်နယ်ညလိုမျိုး ဘောလုံးအတွေ့အကြုံတွေ အကြောင်းကိုလည်း ကျွန်တော်တို့တွေ အများကြီး ပြောဆိုဖြစ်ခဲ့ကြတယ်။ သူရဲ့စကားတွေအတွက် ကျွန်တော် သူ့ကို ကျေးဇူးတင်မိပါတယ်။ အခုလည်း သူက ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်ဆောင်နေတယ်။ သူ့အသင်းမှာလည်း ကောင်းမွန်တဲ့ စွမ်းအင်တွေ ရှိနေရပါပြီ။ ဒါပေမယ့် ဒီလိုစွမ်းအင်တွေက ဆိုစီဒက်နဲ့ပွဲမှာ မပေါ်ပေါက်လာစေဖို့နဲ့ ဆိုစီဒက်အသင်းအနေနဲ့ကလည်း ဒီပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်းတစ်ခု ရရှိနိုင်စေဖို့ပဲ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရီးယဲလ်နဲ့ ဆိုစီဒက်အသင်းတို့ဟာ လက်ရှိအချိန် လာလီဂါမှာ ပွဲစဉ်(၁၅)ပွဲအထိ ယှဉ်ပြိုင်ထားခဲ့ပြီး ဆိုစီဒက်က ရမှတ်(၂၉)မှတ်နဲ့ တတိယနေရာကနေ ရပ်တည်နေသလို ရီးယဲလ်ကလည်း ရမှတ်(၃၆)မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်လျက် ရှိနေတာကြောင့် ဒီပွဲစဉ်က အတော်လေးကို အကြိတ်အနယ်ဖြစ်မှာ သေချာနေပါတယ်။