၁၉၉ဝခုနှစ်ကနေစတင်ပြီး WWE နပန်းလောကထဲကို (အဲ့ဒီချိန်တုန်းကတော့ WWF လို့ ခေါ်ဝေါ်ပါတယ်) စတင်ဝင်ရောက်လာခဲ့တဲ့ နပန်းအကျော်အမော်ကြီးတစ်ယောက်ဖြစ်တဲ့ The Undertaker ကို လူတိုင်းနီးပါး သိကြလိမ့်မယ်လို့ ထင်မိပါတယ်။ သုဘရာဇာကြီးတစ်ယောက်လို ဝတ်စားဆင်ယင်မှုတွေ သူများနဲ့တမူ တမူထူးခြားလှတဲ့ သူရဲ့ဖျော်ဖြေနိုင်မှုတွေ ဘယ်နပန်းသမားကမှ မခံနိုင်ရအောင် ဖြစ်ရတဲ့ သူရဲ့ပွဲသိမ်းတိုက်ကွက် (The Tombstone Piledriver) တွေကြောင့် နပန်းလောကနဲ့ မနီးစပ်တဲ့သူတောင် Undertaker ကို သိကြရတဲ့အထိ သူရဲ့ကျော်ကြားမှုက အရမ်းကို မြင့်မားလွန်းလှပါတယ်။

လက်ရှိမှာ အသက်(၅၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ The Undertaker ဟာ အမေရိကန်နိုင်ငံ ဟူစတန် တက္ကဆက်ပြည်နယ်မှာ မွေးဖွားခဲ့သူဖြစ်ပြီးတော့ ငယ်ငယ်လေးကတည်းက အားကစားပိုင်းမှာ ထူးချွန်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၈ရခုနှစ်လောက်မှာပဲ နပန်းသမားဘဝကို စတင်ခဲ့တဲ့ The Undertaker ဟာ ၁၉၉ဝခုနှစ်မှာတော့ WWF ကို နိုဝင်ဘာလ (၁၉)ရက်နေ့မှာပဲ ပွဲထွက်ကစားခဲ့ရပါတယ်။ အဲ့ဒီအချိန်ကနေစတင်ပြီး The Undertaker ဟာ သူရဲ့နပန်းသမားဘဝကို WWE ရဲ့ Sub တွေဖြစ်တဲ့ RAW နဲ့ Smack Down တို့မှာ ပါဝင်ဆင်နွဲခဲ့ပြီး လတိုင်းမှာ ကျင်းပနေကြဖြစ်တဲ့ WWE ရဲ့ အဓိကပြိုင်ပွဲကြီးတွေဖြစ်တဲ့ Wrestlemania , Royal Rumble , Summer Slam , Savior Series အစရှိတဲ့ ပွဲကြီးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

The Undertaker ဟာ အနှစ်(၃၀) ကြာမြင့်ခဲ့တဲ့ သူရဲ့ WWE နပန်းသမားဘဝ အဓိကခါးပတ်တစ်ခုဖြစ်တဲ့ WWE ချန်ပီယံဆုကို (၇)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ဖူးပြီး Stone Cole , Big Show, The Rock နဲ့ သူရဲ့ညီအစ်ကိုဖြစ်တဲ့ Kane တို့နဲ့အတူ နှစ်ယောက်တွဲခါးပတ်ချန်ပီယံဆုကိုလည်း (၆)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် WWE ရဲ့ အမြင့်မားဆုံးသေား တစ်နှစ်တာ အကောင်းဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ Wrestlemaina မှာ The Undertaker ဟာ (၂၁)နှစ်ဆက်တိုက် သူနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့ပြီး Brock Lesnar နဲ့ ထိုးသတ်ရတဲ့ WrestleMania XXX မှာပဲ သူရဲ့နိုင်ပွဲဆက်စံချိန်ကြီးက ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။ အခုတော့ The Undertaker ဟာ အနှစ်(၃၀)ကြာမြင့်နေပြီဖြစ်တဲ့ သူရဲ့ WWE Superstar ဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး မနေ့ညက ကျင်းပခဲ့တဲ့ Savior Series မှာပဲ သူရဲ့နှုတ်ဆက်မှုအခမ်းအနားကို လုပ်ဆောင်သွားခဲ့ပါတယ်။ ကျောချမ်းစရာ ခေါင်းလောင်းထိုးသံ လျှပ်စီးတဝင်းဝင်း မီးခိုးငွေ့တွေကြားကနေ လောင်းကုတ်အမည်းရောင် ဝတ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ ကြောက်မက်ဖွယ်ရာ ဒီနပန်းသမားကြီးတော့ WWE Universe တစ်ခုလုံးက လွမ်းဆွတ်နေကြမှာ သေချာပါတယ်။