MySport Myanmar

အာဆင်နယ်ရဲ့ အိမ်ကွင်း အိမရိတ်စ်မှာ WWE သီချင်းတွေ ဖွင့်လှစ်နေခြင်းကို Dj ဖြစ်သူ ရှင်းပြ

အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိမရိတ်စ်ဘောလုံးကွင်းအတွင်းမှာ WWE လို့ လူသိများကြတဲ့ ကမ္ဘာကျော် နပန်းဖျော်ဖြေရေး ကုမ္မဏီကြီးမှာ ပါဝင်တင်ဆက်နေတဲ့ နပန်းသမားကြီးတွေရဲ့ Theme Songs တွေ စတင်ဖွင့်လှစ်ခဲ့တာဟာ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ် ဧပြီလကတည်းက ဖြစ်ပါတယ်။ ဘောလုံးကွင်းအတွင်းမှာ ပွဲမစတင်ခင် ပထမပိုင်းအပြီး ပွဲရပ်နားချိန် ဒုတိယပိုင်း ပြန်မစတင်ခင်နဲ့ ပွဲပြီးဆုံးချိန်တွေမှာ ကွင်းအတွင်း Dj အဖြစ် ဆောင်ရွှက်နေသူတွေက အသင်းရဲ့သီချင်းတွေအပြင် နာမည်ကြီး သီချင်းတွေကို ကွင်းအတွင်း ပရိသတ်တွေအတွက်ရော ကစားသမားတွေအတွက်ပါ ဖွင့်လှစ်ပေးရတာဖြစ်ပေမယ့် အိမရိတ်စ်က Dj ဖြစ်သူကတော့ ထူးထူးခြားခြားအနေနဲ့ WWE Theme Songs တွေကို ရွေးချယ်ဖွင့်လှစ်လာခဲ့ပါတယ်။

Photo Credit : Republic Wolrd

၂၀၁၇ခုနှစ် ဧပြီလတုန်း အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် ဒုတိယပိုင်း ပြန်လည်စတင်ဖို့ အချိန်ပိုင်းအလို ကစားသမားတွေလည်း ကွင်းထဲ ပြန်လည်နေရာယူနေချိန် အိမရိတ်စ်ကွင်း Dj ပီတာမူဂျာဇီက WWE ရဲ့ တကယ့်ထိပ်တန်း နပန်းသမားကြီးဖြစ်သူ Triple H ရဲ့ Theme Song ‘Motorhead – The Game’ ကို အံ့အားသင့်ဖွယ် ဖွင့်လှစ်ခဲ့ပါတယ်။ ကွင်းထဲက ပရိသတ်တွေတချို့ကတော့ ဒီသီချင်းက Rock သီချင်းတစ်ပုဒ်သာ ဖြစ်မယ်လို့ ထင်မှတ်နိုင်ပေမယ့် ဒီသီချင်းနဲ့ အကျွမ်းတဝင် ရှိလို့နေတဲ့ ပရိသတ်တွေကတော့ Triple H ရဲ့ အဖွင့်သီချင်းမှန်း နားလည်သွားခဲ့သလို Dj မူဂျာဇီရဲ့ တင်ဆက်မှုကိုလည်း နှစ်သက်သဘောကျသွားခဲ့ပါတယ်။

Video Credit : Twitter

ဒီလို WWE နပန်းအကျော်အမော်တွေရဲ့အဖွင့်သီချင်းတွေ တင်ဆက်ခဲ့ရတာနဲ့ပတ်သက်ပြီး မူဂျာဇီက “ဒါက ဒီလောက်ထိကို ကြီးမားသွားလိမ့်မယ်လို့ကို ကျွန်တော် ဘယ်တုန်းကမှ မတွေးထင်မိခဲ့ဘူး။ ကျွန်တော် ၂၀၁၅-၂၀၁၆ ဘောလုံးရာသီလောက်ကနေ စတင်ပြီးတော့ အိမရိတ်စ်ကွင်းမှာ ဂီတပိုင်းကို စတင်တာဝန်ယူခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တင်ဆက်နေတဲ့ သီချင်းတချို့က ထပ်ခါထပ်ခါတွေ ဖြစ်လာခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် တွေးမိလိုက်တာက နာမည်ကြီး နပန်းသမားတွေရဲ့ သီချင်းတွေကို မထင်မှတ်ပဲ ဖွင့်လိုက်မယ်ဆိုရင် နပန်းပရိသတ်တွေပါ ဒါကို သတိထားမိလာနိုင်မလားဆိုတာကို သိချင်လာတယ်။ အခုတော့ သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကျွန်တော် ယုံတောင်မယုံနိုင်ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ Dj မူဂျာဇီက ၂၀၂ဝခုနှစ် ဇူလိုင်လထဲ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်နေတဲ့ပွဲစဉ် ဒုတိယပိုင်း ပြန်လည်စတင်ခါနီးမှာ Triple H ရဲ့ သီချင်းကို ထပ်မံတင်ဆက်ခဲ့သလို အဲ့ဒီအချိန်ကလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေမှုကြောင့် ကွင်းအတွင်း ပရိသတ်ပါဝင်ခွင့်မရှိပဲ ပရိသတ်တွေက ရုပ်သံတွေက အားပေးနေရင်း Dj မူဂျာဇီရဲ့ တင်ဆက်မှုကို ကြားသိခဲ့ရပြီး အတော်လေး နှစ်သက်သဘောကျခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း WWE နပန်းသမားဟောင်းကြီးတွေဖြစ်တဲ့ Kurt Angle နဲ့ Chris Jericho(လက်ရှိ AEW နပန်းသမား)တွေရဲ့ Theme Songs တွေကို အိမရိတ်စ်ကွင်းအတွင်းမှာ ဆက်လက်တင်ဆက်လျက် ရှိနေပါတယ်။

Exit mobile version