လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လျက်ရှိနေတဲ့ လီဗာပူးလ် တိုက်စစ်ကစားသမား ဆာဒီယိုမာနေးအနေနဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲဆီကိုသာ ရောက်ရှိလာမယ်ဆိုရင် ဘွန်ဒစ်လီဂါပြိုင်ပွဲဟာ ပိုပြီးတော့ကို စိတ်ဝင်စားဖွယ်ကောင်းလာမှာ သေချာနေပေမယ့်လည်း မာနေးက ဘိုင်ယန်ကို ရွေးချယ်ခဲ့မယ်ဆိုရင် ရွေးချယ်မှု မှားယွင်းသွားလိမ့်မယ်လို့ ဒေါ့မွန်တိုက်စစ်ကစားသမားလေး ကာရန်အဒီယေမီက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Sadio Mane react Liverpool 2021-22

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား မာနေးဟာ ၂၀၁၆ခုနှစ်ကတည်းက ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာ အသင်းနဲ့ ဘောလုံးရာသီ (၇)ရာသီအထိ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မာနေးဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့ပြီး အသင်းနဲ့ ဆက်လက် သက်တမ်းမတိုးတော့သလို စာချုပ်သက်တမ်း မပြည့်ခင်မှာပဲ အသင်းနဲ့ လမ်းခွဲချင်နေပြီး ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Dortmund player claims Klopp has been using Liverpool forward incorrectly

Photo Credit : Rousing The Kop

ပိုလန်ဂိုးမုဆိုးကြီး လီဝန်ဒေါစကီးကို လက်လွတ်သွားရတော့မယ့် ဘိုင်ယန်ဟာ လီဝန်ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် မာနေးကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး တကယ်လို့ မာနေးသာ ဘိုင်ယန်ကို ပြောင်းရွှေ့လာမယ်ဆိုရင် ရွေးချယ်မှု မှားယွင်းသွားလိမ့်မယ်လို့ ဘိုင်ယန်လူငယ် ကစားသမားဟောင်း အဒီယေမီက ပြောဆိုသွားခဲ့ပါတယ်။ အဒီယေမီက “မာနေးအနေနဲ့ ဒီမှာသာ လာရောက်ကစားခဲ့မယ်ဆိုရင် ဘွန်ဒစ်လီဂါပြိုင်ပွဲအတွက် အရမ်းကောင်းမွန်ပါတယ်။ ဒါမှ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပိုဆွဲဆောင်မှု ရှိလာစေမှာပါ။ ဒါပေမယ့်လည်း သူ ကလပ်အသင်း ရွေးချယ်တာတော့ မှားယွင်းနေပါမယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ သူဘာတွေ လုပ်ဆောင်နိုင်လဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ မာနေးဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။ သူက ကြမ်းကြမ်းတမ်းတမ်းနဲ့ တိုးတတ်လာတဲ့သူပါ။ သူက အကောင်းဆုံးသော တောင်ပံကစားသမားတွေထဲကမှ တစ်ယောက်အပါအဝင်ပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဒီယေမီနဲ့ မာနေးတို့ နှစ်ဦးလုံးဟာ သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာ အဒီယေမီကလည်း မာနေးနဲ့ သတင်းထွက်နေတဲ့ ဘိုင်ယန်ရဲ့ အနီးဆုံးပြိုင်ဘက် ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ထားခဲ့သူ ဖြစ်ပါတယ်။