ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အီယန်ရိုက်က လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပြဿနာ တက်နေတဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုအနေနဲ့ ပြင်းထန်တဲ့ ဖိအားတွေ ခံစားနေရပုံ ရှိတာကြောင့် စိတ်ရောဂါအထူးကုနဲ့ ပြကြည့်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ကို သစ္စာဖောက်ခဲ့ကြောင်း ၊ သူက ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကို လေးစားမှု မရှိကြောင်း စတဲ့ အချက်တွေကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပြီး အဆိုပါ ဗွီဒီယိုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေတင်မကပဲ ဘောလုံးပရိသတ်တွေကပါ ရိုနယ်ဒိုကို လေးစားမှု ကင်းမဲ့တဲ့ ကစားသမားလို့ အမည်တပ်ကာ ဝေဖန်နေကြပါတယ်။

Photo Credit: Team Talk

ဒါ့အပြင် ရိုနယ်ဒိုက အဲ့ဒီ အင်တာဗျူးထဲမှာပဲ သူ့ကို ဝေဖန်ခဲ့ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ရွန်းနီတို့ကို ပြန်လည် တုံ့ပြန် ဝေဖန်သွားခဲ့ပြီး ရိုနယ်ဒိုက ဂယ်ရီနဗီးလ်ဟာ သူ့ရဲ့အကြောင်းကို အင်တာဗျူး တခုကို ပြီးဆုံးအောင် လုပ်နိုင်တဲ့ ဘောလုံးရေးရာ တင်ဆက်သူ ဖြစ်သလို ရွန်းနီကလည်း သူ့ရဲ့ အောင်မြင်မှုကို မနာလိုလို့ သူ့ကို ဝေဖန်တိုက်ခိုက်နေတာလို့ ခွန်းတုံ့ပြန်ခဲ့တာပါ။

နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အီယန်ရိုက်ကတော့ ရိုနယ်ဒို တယောက် အခုလိုမျိုး သူ့ကို ဝေဖန်ခဲ့ကြသူတွေ အားလုံးကို ဒေါသတကြီး ခွန်းတုံ့ပြန်ခဲ့မှုက ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမား ဘဝ နေဝင်ချိန်ကို လက်ခံနိုင်ခြင်း မရှိသေးတာကြောင့် ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပြီး သူ့တုန်းကလည်း ရိုနယ်ဒိုလို ဖြစ်ခဲ့ဖူးတာကြောင့် ရိုနယ်ဒိုအနေနဲ့ သူ့ရဲ့ ခံစားချက်တွေကို စိတ်ရောဂါအထူးကု တဦးဆီ ပြောပြကာ လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ကြောင်း ဆိုလိုက်ပါတယ်။

Photo Credit: Team Talk

အီယန်ရိုက်က – “ရိုနယ်ဒိုရဲ့ အောင်မြင်မှုတွေ ၊ သူ လုပ်ပေးခဲ့တဲ့ အရာတွေကြောင့် ရိုနယ်ဒို တယောက် အခုလိုမျိုး ယူနိုက်တက်ကို ပြန်လည် ဝေဖန်နေတာကို ကြည့်ရတာဟာ အတော်လေး ဝမ်းနည်းဖို့ ကောင်းပါတယ်။ ရိုနယ်ဒိုက အခုချိန်အထိ သူဟာ ကစားသမား ဘဝ အဆုံးသတ်ရမယ့် အချိန်ကို ရောက်နေပြီ ဆိုတဲ့ အချက်ကို လက်မခံနိုင်သေးပါဘူး။ ကျွန်တော့်တုန်းကလည်း အဲ့ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက အချိန်တန်ရင် ကစားသမားတိုင်း ကြုံတွေ့ရမယ့် အရာပါ။ ပြီးတော့ ရိုနယ်ဒိုက သူ့ရဲ့ ဘဝမှာ ဒီလိုအထိ ပြင်းထန်တဲ့ ဝေဖန်မှုမျိုးတွေနဲ့ မကြုံခဲ့ရပါဘူး။ ဒါကြောင့် အခုလိုမျိုး ဝေဖန်သံတွေ တောက်လျှောက် ကြားလာရချိန်မှာ သူက ခက်ခဲလာပါတယ်။ ကျွန်တော်ကတော့ သူ့ကို ဒီလိုအခြေအနေတွေကို သေချာ ကိုင်တွယ်နိုင်တဲ့ အထူးကု တယောက်နဲ့ ပြသသင့်တယ်လို့ အကြံပေးချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။