ဟောလိဝုဒ်ရဲ့ စတား နှစ်ဦး ဖြစ်ကြတဲ့ မင်းသား ရိုင်ယန်ရေးနိုးလ်ဒ် နဲ့ မင်းသား မတ်အယ်လ်ဟီနေး တို့ နှစ်ဦးဟာ ရက်ဇ်ဟန်း အသင်း ထောက်ခံသူတွေရဲ့ မဲရလဒ်နဲ့ အသင်းပိုင်ရှင်တွေ ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ ရက်ဇ်ဟန်း အသင်းဟာ ဝေးလ်နိုင်ငံမှာ ရှိတဲ့ ဘောလုံး ကလပ် အသင်းတစ်သင်း ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လ က ရက်ဇ်ဟန်း အသင်းအနေနဲ့ သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ လူနှစ်ဦးက အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ ဖော်ပြချက်တစ်ခုကို တင်ခဲ့ပြီးနောက် အခုမှာတော့ ထိုသူနှစ်ဦးက အံ့ဩစရာကောင်းလောက် အောင်ပဲ ဟောလိဝုဒ်စတား နှစ်ဦး ဖြစ်နေပါတယ်။ မင်းသား ရေးနိုးလ်ဒ် ဟာ နာမည်ကြီး သရုပ်ဆောင်တစ်လက် ဖြစ်ပြီးတော့ Deadpool မင်းသားအဖြစ် နာမည်ကြီးပါတယ်။

Photo Credit: Talksport

ရက်ဇ်ဟန်း အသင်းဟာ ၁၈၆၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဘောလုံး အသင်းဖြစ်ပြီးတော့ ဝေးလ်နိုင်ငံမှာရှိတဲ့ ဘောလုံးအသင်းတွေထဲမှာ သက်တမ်းအကြီးဆုံး အသင်း ဖြစ်ကာ ၂၀၁၁ ခုနှစ်က စတင်ပြီး အသင်းရဲ့ ပိုင်ရှင်ဟာ ပရိသတ် ဖြစ်လာခဲ့ပါတယ်။ အခုတစ်ကြိမ် မင်းသားနှစ်လက်က အသင်းဝယ်ယူတဲ့ ကိစ္စမှာလည်း အသင်းထောက်ခံသူတွေကြား မဲခွဲဆုံး ဖြတ်ခဲ့ကာ ထောက်ခံသူပေါင်း ၂၀၀၀ ကျော်လောက်က မဲပေးခဲ့ကြပါတယ်။ ထောက်ခံသူအရေအတွက် ၁၈၀၉ ဦးက သဘောတူညီခဲ့ကြပြီး ၂၆ ဦးက ကန့်ကွက်ခဲ့ကြကာ ၉ ဦးကတော့ ကြားနေခဲ့ကြပါတယ်။ အသင်းရဲ့ ဖော်ပြချက်မှာတော့ “ မက်ရေးနိုးလ်ဒ် ကုမ္ပဏီက ရက်ဇ်ဟန်း ဘောလုံးအသင်းကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိသွားပါပြီ။ အသင်းလွှဲပြောင်းရေး ကိစ္စအတွက် နှစ်ဖက်လုံးက ဆက်လက်ဆွေးနွေးသွားကြပါမယ်။ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ နောက်ဆုံး သတင်းတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ် ” ဆိုပြီး ဖော်ပြထားပါတယ်။

Photo Credit: Talksport

အသင်းအနေနဲ့ တွစ်တာမှာလည်း မင်းသားရေးနိုးလ်ဒ် နဲ့ မတ်အယ်လ်ဟီနေး တို့ နှစ်ဦးပါဝင် ရိုက်ကူးထားတဲ့ ရယ်စရာ ဗီဒီယို အတိုလေးကိုလည်း တင်ထားခဲ့ပါသေးတယ်။ မင်းသား နှစ်ဦးဟာ ရက်ဇ်ဟန်း အသင်းကို ယူရို ၂ သန်း နဲ့ ရင်းနှီးမြှပ်နှံပြီး ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မင်းသား ရေးနိုးလ်ဒ် နဲ့ မတ်အယ်လ်ဟီနေး တို့နှစ်ယောက်ဟာ သူတို့ရဲ့ အမြင်ကို နိုဝင်ဘာလ ၈ ရက်နေ့က အသင်းရဲ့ အဖွဲ့ဝင်တွေ ဆီ တင်ပြခဲ့ပြီး သူတို့ နှစ်ဦး အနေနဲ့ အသင်းရဲ့ ကစားပွဲအများစုကို ဖြစ်နိုင်သလောက် တက်ရောက်ပြီး အားပေးချင်တယ်လို့ ဆိုခဲ့ပါတယ်။ ရက်ဇ်ဟန်း အသင်းရဲ့ ဆက်လက်ဖော်ပြချက်မှာတော့ “ ရက်ဇ်ဟန်း အသင်းထောက်ခံသူ ဘုတ်အဖွဲ့အနေနဲ့ မစ္စတာ မတ်အယ်လ်ဟီနေး နဲ့ မစ္စတာ ရေးနိုးလ်ဒ် တို့ နှစ်ယောက်ကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပြီးတော့ အကြံပေးတွေ ဖြစ်ကြတဲ့ အင်းနားဆာကယ်စပေါ့ နဲ့ ဝေါလ်ကာမောရစ်စ် တို့ကိုလည်း ဒီကိစ္စမှာ အချိန်ပေးပြီး ကူညီခဲ့တဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။ ရက်ဇ်ဟန်း အသင်းပရိသတ်တွေ အနေနဲ့ သူတို့ နှစ်ဦးကို ကျွန်တော်တို့ ဘောလုံးအသင်း နဲ့ ကံကောင်းကြပါစေလို့ ဆန္ဒပြုချင်ပြီးတော့ အနာဂါတ်မှာ ဘာတွေ ယူဆောင်လာနိုင်မလဲ စောင့်ကြည့်နေပါတယ် ” ဆိုပြီး ဖော်ပြထားပါတယ်။