ဒီနေ့ည စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဥရောပချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နှစ်သင်းလုံးက နောက်တစ်ဆင့် ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ဖို့အတွက် အကြိတ်အနယ် ကစားသွားရမှာဖြစ်ပါတယ်။ ဒီအသင်း(၂)သင်းဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ရီးရဲလ်အသင်းက (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူခဲ့ကာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ဒါကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ လီဗာပူးလ်အသင်းဘက်ကနေ ကလဲ့စားပြန်ချေဖို့အတွက် အခွင့်အလမ်း ရှိနေတယ်လို့ ဆိုနိုင်ပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ အခုတစ်ကြိမ် ဆုံတွေ့မှုဟာ သူတို့အသင်းအတွက် ကလဲ့စားချေမယ့် ခရီးစဉ်တစ်ခုမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကလော့က “ဒါဟာ ကျွန်တော်တို့အသင်းရဲ့ ကလဲ့စားချေမယ့် ခရီးစဉ်တစ်ခု မဟုတ်ပါဘူး။ ကလဲ့စားချေတာမျိုးတွေကိုလည်း ကျွန်တော်သိပ်မယုံကြည်ပါဘူး။ ဒါပေမယ့် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့မယ်ဆိုရင်တော့ ဒါက အကောင်းဆုံးဖြစ်မှာပါ”

Photo Credit : Tribuna

“ကျွန်တော်ရဲ့ ရည်မှန်းချက်တွေကတော့ အမြင့်မားဆုံးကို ရောက်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲပါ။ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားရမှာပါ။ နောက်တစ်ဆင့်ကိုလည်း တတ်လှမ်းချင်ပါတယ်။ ၂၀၁၈ခုနှစ်တုန်းက ကိစ္စနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာတော့ မရှိပါဘူး။ ကျွန်တော်တို့တွေ မဲခွဲမှုအပြီး ရီးရဲလ်နဲ့ ဆုံတွေ့ရပြီဆိုတာ သိလိုက်ရတော့ ၂၀၁၈ခုနှစ်တုန်းကပွဲကို သတိရမိသွားသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပွဲစဉ်အပြီးမှ ပထမဆုံးအကြိမ်အဖြစ်နဲ့ ပြန်ဆုံရတာမို့ပါ။ အဲ့ဒီပွဲစဉ်အပြီး စာနယ်ဇင်းရှင်းလင်းပွဲတွေမှာ တစုံတစ်ယောက်ကများ ရာမို့စ်ကို ကျွန်တော်ရဲ့ အသက်(၆၀)ပြည့် မွေးနေ့ကို တတ်ရောက်လာဖို့ ဖိတ်ခေါ်မလားလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ ငြင်းမိမှာလို့ပဲ ပြောခဲ့တာပါ။ ဒီအတောအတွင်းမှာဆိုရင်လည်း ကျွန်တော် ဒါကိုပဲ ပြန်စဉ်းစားနေမိမှာပါ။ အဲ့ဒီညအကြောင်းကြောင့် သူက တကယ့်ကစားသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပေမယ့် ကျွန်တော်ကတော့ အဲ့ဒီညကိစ္စကို မကြိုက်ပါဘူး။ ဒါပေမယ့် ဒါတွေဟာ ကြာခဲ့ပါပြီ။ အဲ့ဒီတုန်းက ခံစားချက်တွေလည်း မရှိတော့ပါဘူး။ မနက်ဖြန်ကျရင် ကျွန်တော်တို့အသင်းက ဘယ်လောက်တောင် ကောင်းမွန်တဲ့ အသင်းတစ်သင်းလည်းဆိုတာကို ပြသသွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။