ဘောလုံးသမားတစ်ယောက်အတွက် အကောင်းဆုံး အသက်အရွှယ်က အသက်(၂၅)ကနေ အသက်(၃၀)လောက်အထိလို့ ပျမ်းမျှ သတ်မှတ်ထားကြပေမယ့်လည်း အကြောင်းကြောင်းတွေကြောင့် တချို့က ကစားသမားဘဝကို အဲ့ဒီဝန်းကျင်လောက်မှာပဲ အဆုံးသတ်ခဲ့ရသလို တချို့ကလည်း အသက်(၄၀)နား ကပ်နေတာတောင် သူတို့ရဲ့ ဘောလုံးသမားဘဝကို အကောင်းဆုံး ဖြတ်သန်းနေနိုင်ပါသေးတယ်။ ဒါပေမယ့် ဘောလုံးသမားတစ်ယောက်က အသက်(၅၀)လောက်ထိ ဘောလုံးဆက်ကစားနေဖို့ဆိုတာကတော့ တကယ့်ကို မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီလို မဖြစ်နိုင်စရာကို လုပ်ဆောင်ပြနေတဲ့ ဘောလုံးသမားကြီးတစ်ဦးလည်း ရှိနေပါတယ်။ သူကတော့ ကာဇူယိုရှီမီအူရာပဲ ဖြစ်ပါတယ်။
Photo Credit : 90Min
လက်ရှိမှာ အသက်(၅၄)နှစ်အရွှယ်ကိုတောင် ရောက်ရှိနေပြီဖြစ်တဲ့ ကမ္ဘာ့အသက် အကြီးမားဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားကြီး မီအူရာဟာ ဂျပန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားလည်းဖြစ်ပြီး ဂျေလိဂ်ကလပ် ယိုကိုဟားမားအသင်းမှာပါ ကာလရှည်ကြာ ပါဝင်ကစားထားသူလည်း ဖြစ်ပါတယ်။ အသက်(၄၅)နှစ်အရွှယ်မှာပဲ ဖူဆယ်ဘောလုံးသမားဘဝကိုပါ စတင်လိုက်သေးတဲ့ မီအူရာဟာ အခုလည်း သူရဲ့ဘောလုံးသမားဘဝကို အဆုံးမသတ်သေးတဲ့အပြင် ယိုကိုဟားမားအသင်းကနေSuzuka Point Getters ဆိုတဲ့ ဂျပန်ကလပ်အသင်းဆီကိုပါ ပြောင်းရွှေ့သွားခဲ့ပြီး သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
Photo Credit : Bein Sports
ဝါအရင့်ဆုံးသော ဂျပန်တိုက်စစ်ကစားသမားကြီး မီအူရာက သူရဲ့စီနီယာကစားသမားဘဝကို ဘရာဇီးလ်ကလပ် ဆန်းတို့စ်မှာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ၁၉၈၆ခုနှစ်လောက်ပင် ရှိနေပြီဖြစ်ပါတယ်။ ၁၉၉ဝခုနှစ်မှ ဂျပန်နိုင်ငံကို ပြန်ပြီး ဂျေလိဂ်ကလပ်အသင်းတွေမှာ စတင်ကစားဖြစ်ခဲ့တဲ့ မီအူရာဟာ ဂျီနိုအာနဲ့ ဒိုင်နမိုဇာဂရက်တို့လို ဥရောပ ကလပ်အသင်းတွေမှာလည်း ပါဝင်ကစားခဲ့သေးသလို ဂျပန်လက်ရွေးစင်အသင်းအတွက်ကိုပါ ပွဲပေါင်းများစွာ ပါဝင်နိုင်ခဲ့ပါသေးတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝအတွင်း (၈၄၅)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့တဲ့ မူအီရာဟာ သွင်းဂိုးစုစုပေါင်းလည်း (၂၇၁)ဂိုးအထိကို သွင်းယူထားနိုင််ခဲ့ပါတယ်။ ဂရင်းနစ် စံချိန်ပါ တင်ရှိထားခဲ့တဲ့ မူအီရာဟာ လက်ရှိမှာ လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်နဲ့ပါ အသက်အရွှယ်ချင်း တူညီလျက် ရှိနေတဲ့အပြင် ၁၉ရဝခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ ပြင်သစ်လီဂူးရဲ့ အင်အားအကြီးမားဆုံး ပီအက်စ်ဂျီအသင်းထက်ပါ (၃)နှစ်ကြီးလျက် ရှိနေပါသေးတယ်။