စပိန်လာလီဂါပြိုင်ပွဲမှာရော ကမ္ဘာ့ဘောလုံးလောကမှာပါ ထိပ်တန်းကလပ်အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဘာစီလိုနာအသင်းကတော့ ကမ္ဘာပေါ်ရှိ ဘောလုံးကလပ်အသင်းတွေထဲကမှ တန်ဖိုးအမြင့်မားဆုံးသော ဘောလုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရသလို မနှစ်က ဒီစာရင်းမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်ထားနိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ ဒီနှစ်မှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Twitter

ယခင်က (၅)နှစ်ဆက်တိုက် ကမ္ဘာ့တန်ဖိုးအမြင့်မားဆုံးနေရာကို သိမ်းပိုက်ထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဦးဆောင်မှုကို ဘာစီလိုနာအသင်းက ကျော်ဖြတ်ပြီး စုစုပေါင်း (၃.၄၆)ဘီလီယံနဲ့ ဒီနှစ်ရဲ့ တန်ဖိုးအမြင့်မားဆုံးအသင်းအဖြစ် ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒုတိယနေရာက ရီးရဲလ်ကတော့ ဘာစီလိုနာအသင်းနဲ့ သိပ်ကွာခြားလှခြင်းမရှိပဲ (၃.၄၅)ဘီလီယံနဲ့ ဒုတိယနေရာကို ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။ ဒီလာလီဂါ ကလပ်အသင်း(၂)သင်းရဲ့နောက်မှာတော့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းက (၃.၀၇)ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် စာရင်းထုတ်ပြန်မှုမှာ အဆင့်(၆)နေရာပဲ ရှိခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ် ၂၀၂၁ခုနှစ်မှာ စုစုပေါင်းတန်ဖိုး (၃.၀၆)ဘီလီယံနဲ့ အဆင့်(၄)နေရာထိ တတ်လှမ်းလာခဲ့သလို အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်းတွေအားလုံးထဲမှာ တန်ဖိုးအမြင့်မားဆုံး ဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းရဲ့နောက် အဆင့်(၅)(၆)(၇)(၈)နဲ့ (၁၀)နေရာတွေမှာတော့ နောက်ထပ်အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီး အာဆင်နယ်နဲ့ စပါးအသင်းတွေက ရပ်တည်လျက်ရှိနေပြီး ပြင်သစ်လီဂူးရဲ့ အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းကတော့ အဆင့်(၉)နေရာမှာ ရှိနေပါတယ်။ ဥရောပထိပ်တန်းလိဂ်(၅)ခုထဲကမှ အီတလီစီးရီးအေ ကလပ်အသင်းတွေဟာ ဒီနှစ်ရဲ့တန်ဖိုးအမြင့်မားဆုံး ဘောလုံးအသင်းစာရင်းရဲ့ Top 10 List ထဲမှာ တစ်သင်းမှကို ပါဝင်လာခြင်းမရှိပဲ စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းကသာ (၁.၄၂)ဘီလီယံနဲ့ အဆင့်(၁၁)နေရာမှာ ရပ်တည်လို့နေပါတယ်။ ဒေါ့မွန် အသက်လက်တီကို အင်တာမီလန် အဲဗာတန် အေစီမီလန် ရိုးမား ဝက်စ်ဟမ်း လက်စတာနဲ့ အေဂျက်စ်အသင်းတို့ကလည်း အဆင့်(၁၂)ကနေ အဆင့်(၂၀)အထိ အသီးသီးရပ်တည်လို့နေပါတယ်။ ဒီစာရင်းကို ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်းကြီး Forbes ကနေ စာရင်းပြုစုထားတာလည်းဖြစ်ပါတယ်။