နာမည်ကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ မေဂျာလိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းကတော့ သူတို့အသင်းရဲ့ပထမဆုံးသော Major Transfer ကြီးတစ်ခုအနေနဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား မာတွီဒီကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီဖြစ်ပြီး မကြာခင်မှာ အပြောင်းအရွှေ့ကို အပြီးသတ်ဖွယ်ရှိနေတယ်လို့ Sky Sports ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ပြင်သစ်ကွင်းလယ်ကစားသမား မာတွီဒီဟာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းဘက်ကနေလည်း သက်တမ်းတိုးဖို့ ကြိုးပမ်းခြင်းမရှိတော့သလို အသင်းမှာလည်း ပုံမှန်နေရာရဖို့ မလွယ်ကူတော့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကာ ဒေးဗစ်ဘက်ခမ်းရဲ့အင်တာမိုင်ယာမီအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံသွားခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အသင်းနှစ်သင်းရဲ့ကြား ဆွေးနွေးမှုတွေက ဒီနေ့အပြီးသတ် သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး မာတွီဒီအနေနဲ့ မိုင်ယာမီအသင်းနဲ့ ဆေးစစ်မှုခံယူဖို့သာ ကျန်ရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : SoFoot

မာတွီဒီဟာ ၂၀၁၇ခုနှစ်ကမှ လိုင်ယွန်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၃)နှစ်တာကာကလအတွင်း အီတလီစီးရီးအေချန်ပီယံဆု (၃)ကြိမ်အထိ အရယူနိုင်ခဲ့ပါတယ်။ မာတွီဒီဟာ ၂၀၁၁ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားခဲ့စဉ်ကာလအတွင်း အခု သူရဲ့အသင်းသစ်ဖြစ်လာတော့မယ့် အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းနဲ့ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခဲ့ရပါသေးတယ်။ မာတွီဒီက ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပြီး အတွေ့အကြုံလည်း ရင့်ကျက်လှတဲ့ ကွင်းလယ်ကစားသမားကောင်းတစ်ယောက်ဖြစ်ကာ သူရဲ့အတွေ့အကြံုတွေနဲ့ မိုင်ယာမီအသင်းကို လမ်းကြောင်းမှန်ရောက်လာအောင် ကူညီပေးနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပွဲဦးထွက်ရာသီမှာ (၅)ပွဲကစားထားပြီး (၅)ပွဲလုံးကို အရေးနိမ့်ထားခဲ့တာကြောင့် မေဂျာလိဂ်သမိုင်းတလျှောက် အဆိုးရွှားဆုံးတာထွက်အဖြစ်နဲ့ပင် သတ်မှတ်ခံခဲ့ရပါတယ်။