ဘရာဇီးနိုင်ငံဆိုတာ ကမ္ဘာပေါ်က ဘောလုံးသမားကောင်းတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ပီလီ ရော်နယ်ဒို ရီဗယ်ဒို ရီမာရီယို ကားလို့စ်တို့ကနေစတင်ပြီး နေမာ မာတင်နယ်လီတို့အထိ ဘောလုံးမျိုးဆက်ကောင်းတွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်ဒီဆန်ဆိုတဲ့ တိုက်စစ်ကစားသမားကိုတော့ ပရိသတ်တွေ အသိနည်းကြလိမ့်မယ်ထင်ပါတယ်။ ဒီလို ပရိသတ်တွေနဲ့ သိပ်မရင်းနှီးခဲ့တဲ့ ဘရာဇီးကစားသမားက သူ့ဟာ သူ့ခေတ်သူအခါတုန်းက အခုလက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံး ဘောလုံးသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက်တောင် ပိုမိုကောင်းလွန်သူဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အရပ်(၅)ပေ(၆)လက်မသာရှိတဲ့ အရပ်ပုပု တိုက်စစ်ကစားသမားဖြစ်တဲ့ အယ်ဒီဆန်ဟာ သူရဲ့မွေးရပ်မြေက နာမည်ကျော် ဘောလုံးအသင်းများဖြစ်တဲ့ ကိုရင်သီယန်နဲ့ ပါမီးရပ်စ်အသင်းတို့မှာ ခြေစွမ်းပြ ကစားလာခဲ့ရာကနေ ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး အသင်းနဲ့ ကမ္ဘာ့ဖလားဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အယ်ဒီဆန်ဟာ ဘရာဇီးအသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ခြင်းမရှိပေမယ့် တရုတ်အသင်းနဲ့ ကစားခဲ့ရတဲ့ အုပ်စုပွဲစဉ်နဲ့ တူရကီအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပါတယ်။

Photo Credit : Football ACE

အယ်ဒီဆန်က “ကျွန်တော်ရဲ့ အကောင်းဆုံးအချိန်တွေတုန်းက နေမာထက်ပိုကောင်းအောင် ကျွန်တော်ကစားနိုင်ခဲ့ပါတယ်။ သူ ကျွန်တော့်ထက် ပိုကောင်းဖို့အတွက်ဆိုရင်တော့ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆုကို ပိုင်ဆိုင်နိုင်ဖို့ လိုပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်က မက်ဆီထက်လည်း ပိုကောင်းတယ်လေ။ သူလည်းပဲ ကျွန်တော့်ထက်ကောင်းဖို့ဆိုရင် ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ဖို့ လိုပါသေးတယ်။ ရော်နယ်ဒိုကျတော့ တကယ့်ကောင်းတဲ့ ကစားသမားပါ။ ဘယ်ရောညာရောနဲ့ သွင်းဂိုးတွေကို ရယူနိုင်သူပါ။ ဒါပေမယ့် ကျွန်တော်က သူ့ထက်ကို နည်းနစ်ပိုကြွယ်ဝပါတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ အယ်ဒီဆန်ဟာ နောက်ခံတိုက်စစ်နေရာမှာ အဓိက ပါဝင်ကစားသူဖြစ်ပြီးတော့ သူရဲ့အလိမ်အခေါက်စွမ်းရည်တွေကြောင့် ပရိသတ်တချို့က သတိထားလာမိတာဖြစ်ပြီး ဥရောပမှာ လာရောက်ကစားဖို့တော့ ကံမပါခဲ့ပဲ ဘင်ဖီကာအသင်းမှာပဲ ဘောလုံးရာသီတစ်ခုပဲ အငှားကစားသမားအဖြစ်နဲဲ့ ဖြတ်သန်းခဲ့ရပါတယ်။