ကာတာနိုင်ငံမှာ စတင် ကျင်းပနေပြီဖြစ်တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ အာဂျင်တီးနားအသင်းရဲ့ စူပါစတား ကစားသမားကြီး လီယွန်နယ်မက်ဆီ ချိုးဖျက်သွားနိုင်ဖွယ် ရှိနေတဲ့ ကမ္ဘာ့ဖလား စံချိန်မှတ်တမ်းတွေရဲ့အကြောင်းများကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : ESPN

မက်ဆီက ၂၀၁၄ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားအသင်းကို ဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့တာကြောင့် အာဂျင်တီးနားက ဗိုလ်လုပွဲမှာ ဂျာမနီကို ရှုံးနိမ့်ခဲ့တာတောင် မက်ဆီကပဲ Golden Ball Awards ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတလျှောက် ဘယ်ကစားသမားမှ Golden Ball Award ကို နှစ်ကြိမ်ထိ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားက တစ်ဦးမှ မရှိခဲ့တာကြောင့် မက်ဆီအနေနဲ့ ဒီစံချိန်ကို ရယူနိုင်သလို မက်ဆီနဲ့အပြိုင် မိုဒရစ်ကလည်း ဒီစံချိန်ကို ရယူသွားနိုင်ပါတယ်။

Photo Credit : PSG Talk

ဒီယေဂိုမာရာဒိုနာက အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားပွဲပေါင်း (၂၁)ပွဲ ကစားပေးခဲ့ပြီး စံချိန်တင်ထားခဲ့ရာ လက်ရှိမှာ မက်ဆီက (၁၉)ပွဲထိ ကစားထားနိုင်တာဖြစ်လို့ ဒီစံချိန်ကိုတော့ မက်ဆီ သေချာပေါက် ချိုးဖျက်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် မက်ဆီအနေနဲ့ အုပ်စုပွဲကနေ ဖိုင်နယ်အဆင့်ထိ တောက်လျှောက် ကစားနိုင်မယ်ဆိုရင် လိုသာမားသီးယပ်စ်ရဲ့ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပွဲအများဆုံး ကစားထားခဲ့တဲ့ စံချိန်ကိုပါ ရိုက်ချိုးနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : The Mirror

နောက်တစ်ခုကတော့ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလား သွင်းဂိုးစံချိန် ဖြစ်ပါတယ်။ ဘတစ္စတူတာက အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားမှာ ဂိုး(၁၀)ဂိုး သွင်းယူခဲ့ပြီး ဂိုးအများဆုံး သွင်းထားသူအဖြစ် စံချိန်င်ထားရာ မက်ဆီက လက်ရှိမှာ (၆)ဂိုး ရှိနေပြီဖြစ်လို့ ဒီပြိုင်ပွဲမှာ (၅)ဂိုး သွင်းနိုင်တာနဲ့ စံချိန်သစ်တင်နိုင်မှာ ဖြစ်သလို တကယ်လို့ ဂိုးဖန်တီးမှု (၅)ကြိမ် လုပ်ဆောင်နိုင်ရင်လည်း ပီလီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂိုးဖန်တီးမှုအများဆုံး စံချိန်ကိုပါ ချိုးဖျက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား နိုင်ပွဲ(၆)ပွဲ ရလိုက်တာနဲ့ ကလိုဆေး တင်ရှိထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် နိုင်ပွဲအများဆုံး စံချိန်ကိုပါ ရိုက်ချိုးသွားနိုင်မှာပဲ ဖြစ်ပါတယ်။