မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်က ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ ရည်မှန်းချက်များအတိုင်း အောင်မြင်မှုများ ရရှိလာစေဖို့အတွက် တစ်ဦးချင်း စွမ်းဆောင်ရည်တွေထက် အသင်းအဖွဲ့နဲ့ စုစည်းလုပ်ဆောင်ခြင်းက ပိုမို အရေးကြီးတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sky Sports

မကြာသေးခင်က ထွက်ရှိလာခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပီယာ့စ်မော်ဂန်တို့ရဲ့ အင်တာဗျူးမှာ ရော်နယ်လ်ဒိုက သူ့အပေါ် ယူနိုက်တက်ဘက်က သစ္စာဖောက်သလို ခံစားမိရကြောင်းနဲ့ နည်းပြတန်ဟက်ဂ်က သူ့ကို မလေးစားကြောင်းတွေ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်ကတော့ တန်ဟက်ဂ်နဲ့ ပတ်သတ်ပြီး “သူက အသင်းကို အပြောင်းအလဲ အများကြီးနဲ့ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေခဲ့တယ်။ ဒီအချိန်မှာ သူနဲ့ ကစားသမားတွေအတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့က အချိန်တစ်ခု လိုပါတယ်။ ဒါပေမယ့် အခုထိတော့ ကောင်းနေပါတယ်။ သူ့လက်အောက်မှာ အလုပ်လုပ်နေရတာ ပျော်ရွှင်နေပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုပဲ စောင့်မျှော်နေပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Get French Football News

ဒါ့အပြင် ရပ်ရှ်ဖို့ဒ်က အသင်းအတွင်း အသင်းသားတွေ ခင်မင်ရင်းနှီးမှု ခိုင်ခိုင်မာမာ ရှိနေခြင်းနဲ့ အသင်းဖော်တွေအတွက် စည်းလုံးညီညွတ်မှုက အရေးကြီးကြောင်းကိုလည်း အသိပေးသွားခဲ့ပါတယ်။ “ကစားသမားတိုင်းက သူတို့ဘေးနားက အသင်းဖော်တွေအတွက် တိုက်ပွဲဝင်သွားဖို့ ဆန္ဒရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ တစ်စုံတစ်ယောက်က အမှားလုပ်မိရင် ခင်ဗျားအနေနဲ့ အဲ့ဒါက ဖုံးကွယ်ထားဖို့ လိုပါမယ်။ အမှားလုပ်မိတဲ့သူကလည်း အဲ့ဒီအမှားကို ပြင်ဆင်ဖို့ အကောင်းဆုံး ကြိုးစားရပါမယ်။ ခင်ဗျားအနေနဲ့ အလုပ်ကို တစ်ဦးချင်း လုပ်ဆောင်ခြင်းထက် အသင်းလိုက် အစုအဖွဲ့အလိုက် လုပ်ဆောင်ရပါမယ်။ အသင်းလိုက် စိတ်ဓါတ်မျိုး ရှိနေခြင်းဟာလည်း ကောင်းပါတယ်။ ကျွန်တော်တို့မှာလည်း ခက်ခဲတဲ့ ပွဲတစ်ချို့ ရှိခဲ့ပါတယ်။ အောက်တိုဘာလတုန်းက ချယ်လ်ဆီးကို တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သူတို့က နောက်ကျဂိုးနဲ့ ဦးဆောင်ခဲ့ချိန် ကျွန်တော်တို့ဘက်က တစ်ခုခုရအောင် ပြန်စွမ်းဆောင်နိုင်ခဲ့တယ်။ ဒီလိုအချိန်မှာ သူတို့က နိုင်ပွဲရဖို့ နီးစပ်သွားပေမယ့် အဲ့ဒီအခြေအနေကပဲ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အရာတစ်ခု ဖြစ်သွားနိုင်စေခဲ့တာ။ ဒါမျိုးက အဲ့ဒီအချိန်မှာသာ မဟုတ်ပဲ ရာသီတစ်လျှောက်လုံး လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ရပ်ရှ်ဖို့ဒ်က ရှင်းလင်း ပြောဆိုလိုက်ပါတယ်။