ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဒုတိယဥက္ကဌလည်းဖြစ် အသင်းကို အဓိက ထိန်းချုပ်ထားသူလည်း ဖြစ်တဲ့ အက်ဝုဒ်ဝက်ဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားကို အနည်းငယ် စိတ်ပျက်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရလဒ်တွေ အနည်းငယ် ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပွဲစဥ် ၃ပွဲ ကစားထားရာမှာ ၁ပွဲသာ အနိုင်ရရှိထားပြီး ၂ပွဲရှုံးနိမ့်ကာ သွင်းဂိုး ၅ဂိုး ပေးဂိုး ၁၁ဂိုးနဲ့ အဆင့် ၁၆နေရာကို ရောက်ရှိ နေပါတယ်။

Photo Credit: Express

အထူးသဖြင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းဟာ အတော်လေးကို ဆိုးရွားခဲ့ပြီး စပါးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲ ပြီးဆုံးသွားချိန်မှာတော့ မန်ယူအသင်းဟာ အသင်းအတွက် လူအင်အား ဖြည့်တင်းမှုတွေကို ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပြီး ဘယ်နောက်ခံလူ တဲလက်စ် ၊ ဝါရင့်တိုက်စစ်မှူး ကာဗာနီ ၊ တက်သစ်စ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ပယ်လီစ္စထရီ ၊ ထရာအိုရေး စတဲ့ ကစားသမား ၄ဦးကို နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ ခေါ်ယူခဲ့ပါတယ်။ ဒါ့ကြောင့် လာမယ့်အပတ် မှာတော့ ကစားမယ့် နယူးကာဆယ် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဥ်မှာ မန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းဟာ တိုးတက်လာမလား ဆိုတာကို စောင့်ကြည့်နေတဲ့သူတွေ အများအပြား ရှိနေပါတယ်။

Photo Credit: Express

အဆိုပါလူတွေထဲမှာ မန်ယူအသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်တဲ့ အက်ဝုဒ်ဝက်လည်း ပါဝင်နေကာ အက်ဝုဒ်ဝက်က ယခုလအတွင်းမှာ ကစားမယ့် ပွဲစဉ်တွေရဲ့ ရလဒ်အပေါ် မူတည်ပြီး အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်မလား ၊ အသင်းမှာ ဆက်လက် ထားရှိမလား ဆိုတာကို ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ သွားကြပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ စတိဗ်ဘိတ် ကတော့ အက်ဝုဒ်ဝက်ဟာ မန်ယူအသင်းကို ယခင်ကလို အောင်မြင်မှု များစွာ ပြန်လည် ရရှိအောင် ကြိုးစားသွားဖို့ ရည်မှန်းထားပြီး ဆိုးလ်ရှား အနေနဲ့ မန်ယူအသင်းကို ရလဒ်တွေ တိုးတက်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိပါက ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဝန်လေးနေမှာ မဟုတ်ပဲ ပိုချက်တီနို ကို မန်ယူအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်နေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။