ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဝုဒ်ဂိတ် ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ အောင်မြင်မှုတွေ ရယူချင်တယ် ဆိုရင် လက်ရှိ အသင်းရဲ့နည်းပြ ကွန်တီကို လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးအပ်ရန် လိုအပ်ကြောင်း အကြံပေးစကား ပြောသွားခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် စပါးဟာ ပရီးမီးယားလိဂ်ရဲ့ ကြီး၆ကြီး စာရင်းဝင်တဲ့ အသင်းကောင်း တသင်း ဖြစ်ပေမယ့် ဆုဖလားတွေ ဆွတ်ခူးနိုင်ခြင်း မရှိတာဟာ ဆယ်စုနှစ် တစု ကျော်လာပြီ ဖြစ်ကာ အမြင့်မားဆုံး အောင်မြင်မှုအနေနဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တာပဲ ရှိပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ စပါးဟာ ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန်တို့နဲ့ အတူ ဆုဖလားပေါင်း များစွာ ရယူထားနိုင်ခဲ့တဲ့ အီတလီလူမျိုး ထိပ်တန်းနည်းပြ ကွန်တီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ပြီး ဆုဖလား အောင်မြင်မှုတွေ အရယူနိုင်အောင် ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

စပါးဟာ ပိတ်သိမ်းသွားခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်းမှာလည်း ကွန်တီ တောင်းဆိုခဲ့တဲ့ အတိုင်း ဂျူဗင်တပ်ရဲ့ တောင်ပံကစားသမား ကူလူဆက်စကီးနဲ့ ကွင်းလယ်လူ ဘန်တန်ကာတို့ကို ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေတဲ့ ကြားထဲက အမိအရ ခေါ်ယူပြီး အသင်းကို အားဖြည့်ထားပါသေးတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ကွန်တီရဲ့ လက်အောက်မှာ စပါးအနေနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဝုဒ်ဂိတ်ကလည်း ကွန်တီဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်တာကြောင့် သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ကွန်တီ တောင်းဆိုတဲ့ ကစားသမား မှန်သမျှကို ဝယ်ယူပေးရန် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဝုဒ်ဂိတ်က – “အရိုးသားဆုံး ပြောရရင် စပါးအနေနဲ့ ကွန်တီကို ဘယ်လို ကတိမျိုးတွေ ပေးပြီး အရခေါ်ခဲ့သလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ကွန်တီက စပါးရဲ့ သမိုင်းတလျှောက် ခန့်အပ်ခဲ့တဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးတွေထဲက တယောက်လို့ ပြောရမယ့် အထိ ထက်မြက်တဲ့ နည်းပြတဦးပါ။ ချယ်လ်ဆီးမှာ သူ လုပ်ပြခဲ့တာတွေ ၊ အင်တာမီလန်မှာ သူ လုပ်ပြခဲ့တာတွေ ၊ ဂျူဗင်တပ်မှာ သူ လုပ်ပြခဲ့တာတွေ ၊ အီတလီနဲ့အတူ သူ စွမ်းဆောင်ပြခဲ့တာတွေ အားလုံးကြောင့် ကျွန်တော်ကတော့ ကွန်တီဟာ ထိပ်တန်းနည်းပြ တဦးလို့ ယုံကြည်ပါတယ်။ သူက စပါးနဲ့ ၂နှစ် သက်တမ်းသာ ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာပါ။ ဒါကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာသာ စပါးက သူ လိုချင်တဲ့ ကစားသမားတွေကို မခေါ်ပေးနိုင်ခဲ့ရင် သူ့ကို ဆက်ထိန်းနိုင်ဖို့ ခက်ပါလိမ့်မယ်။ သူနဲ့ အင်တာမီလန်ကြားက ကိစ္စကို ပြန်ကြည့်လိုက်ပါ။ သူက အင်တာမီလန်ကို လိဂ်ဖလား ရအောင် လုပ်ပေးခဲ့ပေမယ့် သူ လိုချင်တဲ့ ကစားသမားတွေကိုလည်း မခေါ်ပေးရော အသင်းကနေ ထွက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စပါးအနေနဲ့ သူ့ရဲ့အလိုကို လိုက်ဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ သူက အသင်းကို စွန့်ခွာသွားမှာပါ” လို့ အကြံပေးသွားခဲ့တာပါ။