ယနေ့ည အစောပိုင်းမှာ ယှဉ်ပြိုင်ကစားကြတဲ့ ပွဲစဉ်တွေထဲမှာ ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်မှုတွေနဲ့အတူ ရင်ဆိုင်ကစားခဲ့ကြတဲ့ စပါးအသင်းနဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဝုဗ်အသင်းဟာ ဒဏ်ရာပြဿနာများစွာနဲ့ ကြုံတွေ့နေရတဲ့ စပါးအသင်းကို အနိုင်ရရှိခဲ့ကာ ဥရောပပြိုင်ပွဲဝင်ခွင့် တစ်နေရာစာအတွက် မျှော်လင့်ချက်တွေ ပိုမိုအားကောင်းလာပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ အဆိုပါ ပွဲစဉ်မှာ ဝုဗ်အသင်းဟာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

Photo Credit: ESPN.com

မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဒီနေ့ပွဲမှာ ဧည့်သည် ဝုဗ်အသင်းဘက်ကို ဦးဆောင်ဂိုးတွေ နှစ်ကြိမ်တိတိ ရခဲ့ပေမယ့် ရရှိခဲ့တဲ့ ဦးဆောင်ဂိုးတွေကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပဲ ခံစစ်ရဲ့ အမှားအယွင်းတွေကနေတဆင့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ပွဲရဲ့ ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၃မိနစ်မှာ ဘာ့ချ်ဝင့်က စပါးအသင်း အတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး ၂၇မိနစ်မှာ ဒိုဟာတီက ဝုဗ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်း ပြီးဆုံးခါနီးမှာ နောက်ခံလူ အော်ရီယာက စပါး အသင်းအတ​ွက် သွင်းဂိုး သွင်းယူပေးခဲ့ကာ ပထမပိုင်းမှာတော့ စပါးအသင်းက ပွဲကို ဦးဆောင်နေခဲ့ပါတယ်။

Photo Credit: ESPN.com

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဝုဗ်အသင်းရဲ့ ကစားပုံတွေဟာ ပြန်လည်တက်လာခဲ့ပြီး စပါးအသင်းဘက်ကို ဖိအားပေးမှုတွေ ပြန်လည် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဝုဗ်အသင်းအတ​ွက် ချေပဂိုးနဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ ဂျိုတာနဲ့ ပွဲကစားချိန် ၇၃မိနစ်မှာ ဂျီမီနက်စ်တို့က သွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဝုဗ်အသင်းရဲ့ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်ဟာ ပိုမို အားကောင်းလာခဲ့ပြီး စပါးအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပိုမို ရုန်းကန်ရတော့မှာပါ။