ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက အသင်းတစ်သင်း ဖြစ်တဲ့ ဝုဗ်ဗာဟမ်တန် အသင်း ကတော့ ဦးခေါင်းခွံ ခွဲစိတ်မှု ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ သူတို့အသင်းရဲ့ တိုက်စစ်မှူး ဂျီမီနက်စ်ရဲ့ နေရာအတွက် စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းမှာ နေရာရဖို့ ရုန်းကန် နေရတဲ့ ဆားဘီးယား လူငယ် တိုက်စစ်မှူး ဂျိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေ က ဖော်ပြ သွားကြပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လူငယ် တိုက်စစ်မှူး ဂျိုဗစ်ဟာ ၂၀၁၈- ၂၀၁၉ ခုနှစ်မှာ ဂျာမန် ကလပ် ဖရန့်ဖတ်အသင်းနဲ့ အတူ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ရက်နေ့မှာ ဖရန့်ဖတ် အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၆၃သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Marca

ဂျိုဗစ်ဟာ ဖရန့်ဖတ် အသင်းမှာ နောက်ချန် တိုက်စစ်မှူး နေရာကနေ ခြေစွမ်းပြ နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအတွက် ဒုတိယမြောက် ဘန်ဇီမာ ဖြစ်လာလိမ့်မယ် လို့ ထင်ကြေးပေးခံရမှုတွေ ရှိခဲ့ပေမယ့် တကယ်တမ်း မှာတော့ ဂျိုဗစ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ထင်ထားသလောက် ကောင်းမွန်အောင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ အထူးသဖြင့် ဂျိုဗစ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းရဲ့ ယုံကြည်မှုကို မရရှိခဲ့ပဲ အသင်းအတွက် တစ်ရာသီခွဲ အတွင်းမှာ စုစုပေါင်း ၁၀၁၄ မိနစ်သာ ကစားခဲ့ ရပါတယ်။ ဂျိုဗစ်ဟာ တစ်ရာသီခွဲ ကာလ အတွင်းမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ၃၂ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် နိုင်ခဲ့ပေမယ့် သူဟာ အရန် ကစားသမား အဖြစ်သာ ပွဲအများစုမှာ ပါဝင် ကစားခွင့် ရရှိခဲ့တာပါ။

Photo Credit: Marca

နည်းပြဇီဒန်းရဲ့ ယုံကြည်မှုတွေ မရတော့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက ဂျိုဗစ်ကို ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် ဂျိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့တဲ့ တစ်သင်းထဲသော အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျိုဗစ် အတွက် ကမ်းလှမ်းမှုကို ရုတ်သိမ်း သွားခဲ့တာကြောင့် ဂျိုဗစ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာသာ ဆက်လက် ကျန်ရှိနေတာပါ။ လက်ရှိ မှာတော့ ဝုဗ်အသင်းဟာ ဂျိုဗစ်ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ် အသင်းထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း နာမည်ကြီး စပိန် သတင်းဌာန ဖြစ်တဲ့ AS သတင်းဌာနက ဖော်ပြ သွားခဲ့ပြီး ထွက်ပေါ် လာတဲ့ သတင်းတွေ အရ ဝုဗ်အသင်းဟာ ဂျိုဗစ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။